မြောက်ပိုင်း လေးဖွဲ့နဲ့ အစိုးရ တေ့ွဆုံပွဲ ပြည်တွင်းမှာ ကျင်းပမည်


2019.05.15
northern-alliance-pc-apr30-622.jpg အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ ၂၀၁၉ ဧပြီ ၃၀ ရက်နေ့က မူဆယ်မြို့မှာ တွေ့ဆုံဆွေးနွေးစဉ်
Photo: Kan Thar/RFA

ရက္ခိုင့်တပ်မတော် AA အပါအဝင် မြောက်ပိုင်းလက်နက်ကိုင်တပ်ဖွဲ့ လေးဖွဲ့နဲ့ အစိုးရတပ်မတော်ကြား တစ်ဖွဲ့ချင်းစီအလိုက် အပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးမယ့် တွေ့ဆုံပွဲကို လာမယ့် မေလ ၂၄ ရက်နေ့နဲ့ ၂၅ ရက်နေ့တွေမှာ ပြည်တွင်းမှာ ကျင်းပမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့က မူဆယ်မြို့မှာ တွေ့ဆုံခဲ့တဲ့ပွဲမှာ တိုင်းရင်းသားတွေဘက်က သူတို့တွေရဲ့ Bilateral ပဏာမအပစ်ရပ်စာချုပ် မူကြမ်းတွေကို ငြိမ်းချမ်းရေးကော်မရှင် ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော် ကို ပေးခဲ့ပြီး အဲဒီမူကြမ်းတွေကို ဒီတစ်ခေါက်တွေ့ဆုံပွဲမှာ ဆွေးနွေးကြမှာပါ။

ဒီစာချုပ်တွေအပေါ် သဘောတူညီမှုရရင် နှစ်ဖက်သဘောတူစာချုပ်တွေ လက်မှတ်ရေးထိုးကြမှာဖြစ်ပြီး မရသေးရင်တော့ သဘောထားကွဲလွဲမှုတွေကို ဆက်ဆွေးနွေးကြမှာ ဖြစ်တယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦးအင်ရှန်ဆန်းအောင်က ပြောပါတယ်။

“အပစ်ရပ်စာချုပ်ကိစ္စပဲ အဓိက ဖြစ်မှာပါ။ နှစ်ဖက်သဘောတူညီမှုရရင်လည်း လက်မှတ်ရေးထိုးကြမယ်ပေါ့။ မရရင်လည်း ဆက်ဆွေးနွေးစရာရှိတာ ဆက်ဆွေးနွေးမှာပေ့ါ။ တဖွဲ့ချင်းစီပဲ ထိုးဖို့ သူတို့က ပြောထားပါတယ် ခင်ဗျ။ တခါတည်း ပြည်ထောင်စုအဆင့်ပဲနေမှာပါ။ တဖွဲ့ချင်းစီထိုးပြီးမှာ NCA က ဆွေးနွေးဖို့။ နှစ်ဖက်ကလည်း ဆွေးနွေးဖို့ ကျန်နေသေးတာတွေရှိနေသေးတော့ ဆွေးနွေးလို့ ပြီးပြတ်သွားရင် လက်မှတ်ထိုးမယ်ပေါ့။ မြန်နိုင်တာကတော့ အပစ်ရပ်စာချုပ်က မြန်နိုင်တယ်။ NCA ကတော့ နည်းနည်းအချိန်ယူရမယ်”

ဒီတစ်ခေါက်မှာ တပ်မတော်က ဆုံးဖြတ်နိုင်မယ့် အရာရှိတွေပါဝင်လာဖို့ တိုင်းရင်းသားအဖွဲ့တွေက မျှော်လင့် ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့က တွေ့ဆုံပွဲမှာတော့ တပ်မတော်ဘက်က ဆုံးဖြတ်နိုင်မယ့် ပုဂ္ဂိုလ်တွေ မပါဝင်ဘဲ တိုင်းရင်းသားတွေဘက်က ဆုံးဖြတ်ချက်ချနိုင်တဲ့ ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့တာလို့ ဆိုပါတယ်။

NRPC ဘက်ကပြောတာကတော့ NRPC အစုအဖွဲ့မှာ ဒုဗိုလ်ချုပ်ကြီးအဆင့်ရှိတဲ့ တပ်မတော်အငြိမ်းစားတွေ ပါဝင်ပြီး လာမယ့် တွေ့ဆုံပွဲမှာ ပြေလည်မှုရတယ်ဆိုရင် တပ်မတော်နဲ့ ဆက်လက်တွေ့ဆုံမှုတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

မေလ ၂၄ ရက်နေ့မှာ စတင်မယ့်ဆွေးနွေးပွဲမှာ တပ်မတော်ဘက်က ပါဝင်လာဖို့ ရှိသလားဆိုတဲ့အပေါ် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က အခုလို ပြောပါတယ်။

“တပ်ကိုယ်စားလှယ်ပါတာလည်းရှိတယ်။ တခါတလေ ကိုယ်စားလှယ်ကို သက်ဆိုင်ရာ တိုင်းရောက်မှ ခေါ်တာလည်းရှိတယ်။ တိုင်းက နယ်လုံဝန်ကြီးတို့ဘာတို့ ခေါ်တာရှိတယ်။ ဘယ်လိုအဆင့်နဲ့ ပါမယ်တော့ ကျနော်လည်း မသိရသေးဘူး။ အဲဒါရှိမယ်ဆိုတာတော့ ကျနော်လည်း သိတယ်။ သူတို့ မူဆယ်မှာလုပ် ထားပြီးထဲကအတိုင်း မေလထဲမှာလုပ်မယ်ဆိုတာသိတယ်။ ကျနော်တို့ မသိတာအဲဒီရက်စွဲနဲ့ ပါမယ့်သူပဲ မသိတာ”

ပြီးခဲ့တဲ့ မူဆယ်တွေ့ဆုံပွဲကတော့ အကောင်းဘက်ကိုဦးတည်နေတယ်လို့ ကာယကံရှင်တွေဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက မှတ်ချက်ပေးထားပါတယ်။

ဒီတစ်ကြိမ်မှာ ပြည်တွင်းမှာ တွေ့ဆုံမယ်လို့ လျာထားပြီး နေရာအတိအကျကိုတော့ နှစ်ဖက်အဖွဲ့အစည်းတွေက ထုတ်ဖော်ပြောတာ မရှိပါဘူး။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ယုံကြည်မှုတည်ဆောက်ရေးကို သတိထားဆောင်ရွက်နေတယ်လို့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေ က ပြောပါတယ်။

“ကျနော်တို့ အတွေ့အကြုံအရ၊ နိုင်ငံတကာမှာကော ကျနော်တို့နိုင်ငံမှာကော ဒီလိုမျိုး ဆောင်ရွက်နေရင်းကမှ ယုံကြည်မှုတည်ဆောက်ဖို့ ခက်သွားတဲ့အချိန်မှာ ဒါတွေက နောက်ပြန်ပြီးတော့ ဆုတ်တက်တဲ့သာဓကတွေ လည်းရှိတဲ့အတွက် ကျနော်တို့ကတော့ ဒါကို သတိထားပြီး ယုံကြည်မှုဆောက်တဲ့ လုပ်ငန်းစဉ်မှာ ဆက်တော့ ကြိုးစားနေတယ်။ ကျနော်တို့ ဘယ်လိုပဲ ကြိုးစားကြိုးစား သူတို့ဆောင်ရွက်မှ ဖြစ်မယ့်ကိစ္စတွေလည်းရှိတော့ ကျနော်တို့ကတော့ ဧပြီလ ၃၀ တွေ့ခဲ့တယ်။ မေလ ၂၄ ၊ ၂၅ ဝန်းကျင်လောက်မှာ တွေ့နိုင်ဖို့လည်း မျှော်လင့်တယ်။ တပ်မတော်က နှစ်လ အချိန်ထပ်တိုးပေးထားတဲ့ တဖက်သတ်အပစ်အခတ်ရပ်စဲရေးမကုန်မီမှာ တိုးတက်မှုတွေရှိမှ ရှေ့ကိုအဆင့်တွေ အများကြီးသွားနိုင် မှာပေါ့နော်”

အစိုးရတပ်မတော်က ဇွန်လကုန်အထိ အပစ်ရပ်ကာလကို သက်တမ်းတိုးထားပြီး အပစ်ရပ်ထားတဲ့ ကာလမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်တို့ကြား ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်ပြီး ဒုတိယဗိုလ်ချုပ်ကြီး နောက်ထပ် ၆ ဦးနဲ့ သက်ဆိုင်ရာ တိုင်းမှူးတွေ ပါဝင်တဲ့ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ကို ဖွဲ့စည်းထားကြောင်း ကြေညာထားပါတယ်ရှင်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။