မြောက်ဦးမှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲပြင်းထန်


2019.08.28
mrauku-622 ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မြောက်ဦးမြို့ မြောက်ဘက်မှာရှိတဲ့ လင်းမြွှေတောင် တောင်တန်းမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ ဒီနေ့မနက် ၄ နာရီကျော်လောက်ကတည်းက တိုက်ပွဲပြင်းထန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ လင်းမြွေတောင်ဘုရားတောင်ကုန်းနဲ့ တောင်ဦးကျေးရွာအကြား စစ်တွေ-ရန်ကုန် အဝေးပြေးလမ်းမကြီးရဲ့ ဘေးမှာကပ်လျက်ရှိတဲ့ နေရာတစ်ခုဖြစ်ပြီး အစိုးရတပ်က ဒီတောင်တန်းတွေမှာ အခြေပြုထားတာပါ။

ဒီနေ့မနက်က တိုက်ပွဲနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ပြောခွင့်ရသူ ခိုင်သုခက အခုလို ပြောပါတယ်။

“လင်းမြွေတောင်စခန်းမှာတော့ မနက် ၄ နာရီခွဲလောက်ကနေစလို့ မနက် ၁၀ နာရီလောက်အထိ အဲဒီမှာ တိုက်ပွဲဖြစ်ခဲ့တာရှိတယ်။ ဗမာစစ်တပ်ဘက်ကတော့ အဲဒီမှာ အကျအဆုံးတွေတော့ များတယ်ဗျ။ ဒါပေမဲ့ အရေအတွက်အတိအကျကတော့ လောလောဆယ် အတည်ပြုလို့ မရသေးဘူးပေါ့နော်။ ကျွန်တော်တို့ ဘက်ကလည်းပဲ စစ်သည်တော်နှစ်ဦး ကျဆုံးပြီးတော့ လေးဦးလောက် ဒဏ်ရာရတာရှိတယ်။ တိုက်ပွဲကတော့ ပြင်းတယ်လို့ ပြောလို့ရတာပေါ့”

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကလည်း အခုလို ပြောပါတယ်။

“လင်းမြွေတောင်မှာ ကျွန်တော်တို့အတွက် လမ်းလုံခြုံရေးဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ထားတာ ရှိတယ်။ အဲဒီလုံခြုံရေးတပ်ဖွဲ့တွေကို ဒီနေ့မနက် လေးနာရီမှာ အေအေသောင်းကျန်းသူ အဖွဲ့တွေက အင်အား အလုံးအရင်းနဲ့ ဝင်တိုက်တာရှိတယ်။ ဝင်လာချတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့က သတင်းတွေဘာတွေ ရထားတဲ့အတွက်ကြောင့်မို့လို့ သေချာစနစ်တကျနေတဲ့အခါမှာ အေအေ အထိနာပြီးတော့ ပြန်ဆုတ်သွားတယ်”

ဗိုလ်မှူးကြီး ဝင်းဇော်ဦးက တပ်မတော်ဘက်က ထိခိုက်မှုတစ်ယောက်နှစ်ယောက်သာ ရှိတယ်လို့ပြောဆိုပေမယ့် အသေးစိတ်ကို ပြောဆိုတာမရှိပါဘူး။

ဒီနေ့မနက် ၁၀ နာရီကျော်လောက်မှာ အဲဒီတိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ တစ်မိုင်လောက်အကွာမှာရှိတဲ့ ထိပ်ဝပြင်ကျေးရွာအနီးကို လက်နက်ကြီး လေးချက်ခန့်ကျရောက်ခဲ့သလို ရွာထဲက နေအိမ်ခြံဝင်းတစ်ခုထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

ဒီအတွက် အဲဒီအိမ်က အိမ်အောက်မှာထိုင်နေတဲ့ အသက် ၃၅ နှစ်အရွယ် ဒေါ်တင်တင်ဌေးရဲ့ ဝမ်းဗိုက်နဲ့ခြေထောက်တွေမှာ ကျည်စတွေထိမှန်ခဲ့ပြီး တိမ်ညိုတိုက်နယ်ဆေးရုံကို ကနဦးအရေးပေါ် ပို့ဆောင်ခဲ့ရပါတယ်။

ဒဏ်ရာရသွားတဲ့ ဒေါ်တင်တင်ဌေးရဲ့အမျိုးသား ဦးအောင်ဝင်းနိုင်က အခုလို ပြောပါတယ်။

“ဆယ်နာရီခွဲလောက်မှာ ကျွန်တော့်အိမ်ကို လာကျပါတယ်။ ဒေါင်းတောင်ယိုးဘက် တပ်ကပစ်တာလို့ ထင်ပါတယ်။ အဲဒီဘက်ကနေလာပြီး ကျွန်တော့်အိမ်နားက ဝါရုံချုံကိုလာကျပြီး ကျွန်တော့အမျိုးသမီးဆီမှာ ထိသွားတာပါ။ ဒဏ်ရာအခြေအနေကိုတော့ အတိအကျမသိရသေးပါဘူး။ ဒဏ်ရာကတော့ နည်းနည်းပြင်း တာပေါ့”

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဒီကိစ္စကို သူ့အနေနဲ့ မသိရသေးပေမယ့် ကျည်လာတဲ့လမ်းကြောင်းအတိုင်း လိုအပ်ချက်အရ တုံ့ပြန်ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

အလားတူ မနေ့က ည ၁၀ နာရီလောက်မှာ ကျောက်တော်မြို့ ကစ္ဆပနဒီတံတားအနီးမှာ တပ်မတော် ရေယာဉ် တစ်စီးကို AA အဖွဲ့က တိုက်ခိုက်ရာကနေ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ နှစ်ဘက်စလုံးက ပြောပါတယ်။

ပစ်ခတ်သံတွေ ထွက်ပေါ်လာပြီးနောက် ရွှေလှိုင်ကျေးရွာက အသက် ၄၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်အေးနွယ်ရဲ့ ပေါင်နှစ်ဘက်မှာ ကျည်ထိမှန်ခဲ့ပါတယ်။

ဒဏ်ရာရသူ ဒေါ်အေးနွယ်က ကျည်ဟာ အိမ်ပြတင်းကနေဝင်လာပြီး ထိမှန်ခဲ့တာလို့ ပြောပါတယ်။

“ကျွန်မတို့ ပစ်သံကို ပထမကြားတာက ည ၁၀ နာရီကျော်လောက်မှာ ကျောက်တော်တောင်နား တံတားနားကနေ ကြားပါတယ်။ ကျွန်မတို့ကြားတာနဲ့ချက်ချင်း ပေါက်သံကြားတယ်၊ ပေါက်သံကြားတယ် ဆိုပြီးတော့ အိမ်ပေါ် အိပ်နေရာကနေ ဆင်းဖို့အလုပ် ဗြောင်းဗြောင်းဗြောင်းဗြောင်း အသံတွေကြားတာနဲ့ အောက်ကိုဆင်းဖို့လုပ်နေစဉ် ပြတင်းအပြင် မြစ်ကမ်းနားကနေ ကျည်ဝင်လာတာပါ”

ဒေါ်အေးနွယ်ကို မနေ့ညက ကျောက်တော်ဆေးရုံကို ပို့ဆောင်ခဲ့ပြီးနောက် ဒီနေ့ နေ့လယ်မှာတော့ စစ်တွေဆေးရုံ ကြီးကို အရေးပေါ်ပို့ဆောင်လိုက်ရပါတယ်။

မနေ့က ပစ်ခတ်မှုနဲ့ပတ်သက်လို့ ကျည်ထိမှန်သူ ဒေါ်အေးနွယ်ရဲ့ အမျိုးသား ဦးမောင်ခင်ဝင်းက အခုလို ပြောပါတယ်။

လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ပြီးရင် လက်နက်ငယ်တွေနဲ့ ပစ်တယ်။ အဲဒီလိုပစ်နေတုန်း ကျွန်တော်တို့က အောက်ကိုဆင်းပြေးတယ်။ ကစ္ဆပနဒီတံတားနားကနေ ပစ်ပြီးတော့လာတာ ရွှေလှေဆိုတဲ့ရွာအောက်ဘက် ဆင်အိုးချိုင်ရွာဘက်ထိကို ပစ်သွားတယ်”

မနေ့ကဖြစ်စဉ်နဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အခုလို ပြောပါတယ်။

ဒေသခံတွေက ရွာတွေထဲမှာလက်မခံနဲ့။ ရွာတွေထဲကနေ အေအေသောင်းကျန်းသူ ပစ်တာကို လက်မခံနဲ့။ လက်ခံရင်တော့ ရွာနာလိမ့်မယ် ပြောထားပြီးသား။ ကျွန်တော်တို့က လိုအပ်တဲ့တုံ့ပြန်မှုရှိတယ်။ ရွာထဲကနေ ကျွန်တော်တို့ကိုပစ်တယ်၊ ဘုန်းကြီးကျောင်းတွေကနေ ပစ်တယ်၊ စာသင်ကျောင်းတွေကနေ ကျွန်တော်တို့ကို အကာအကွယ်ယူပြီးတော့ ပစ်ရင်တော့ ကျွန်တော်တို့က အဲဒီနေရာကိုပြန်ပစ်မှာပဲ။ ပြန်မပစ်ရင် ကိုယ့်ဟာ ကိုယ်သေကုန်မှာပေါ့”

ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြောခွင့်ရသူ ခိုင်သုခကတော့ အခုလို တုံ့ပြန်ပါတယ်။

“တိုက်ပွဲနဲ့မဆိုင်တဲ့ နေရာဘက်တွေကို ဗမာစစ်တပ်က လက်နက်ကြီးတွေနဲ့ လှမ်းပြီးတော့မှ ဒီရခိုင်ရွာတွေကို ဒါသက်သက်လူမျိုးရေးအရ ဦးတည်ပြီးတော့မှ တိုက်ခိုက်တာ တွေ့ရတယ်။ ဆိုတော့ အဲလိုမျိုး တိုက်ခိုက်နေ တာဖြစ်တယ်”

အလားတူပဲ ဒီနေ့မနက်က ခေါင်းတုတ်မွတ်စလင်ကျေးရွာက အသက် ၁၂ အရွယ် မွတ်စလင် အမျိုးသမီးငယ် တစ်ဦးဖြစ်သူ ဘူရူဂျနော်ရဲ့ခါးကို ကျည်ထိမှန်သွားပြီး စစ်တွေဆေးရုံကြီးကို အရေးပေါ်ပို့ဆောင်လိုက်ရပါတယ်။

မနက် ၅ နာရီခွဲလောက်မှာ အခြားမိန်းကလေးငယ်တွေနဲ့အတူ ကုလားတန်မြစ်ထဲ ရေခပ်ဆင်းရာမှာ ကျည်ထိမှန် သွားတာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ကျေးရွာရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။

ဒီနေ့မနက်က မြောက်ဦးမြို့နယ်အတွင်းမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ကျောက်တော်-မြောက်ဦးကားလမ်းပိုင်းကို ပိတ်ထားရပြီး ဒီနေ့ညနေပိုင်းအထိ ကားတွေဟာ မြောက်ဦးနဲ့ တိမ်ညိုကျေးရွာတွေမှာ သောင်တင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ ဒီနေ့အထိ တိုက်ပွဲတွေကြောင့် စစ်ဘေးသင့် ဒုက္ခသည်ဦးရေ ခြောက်သောင်းကျော်အထိရှိနေသလို အရပ်သားသေဆုံးသူ ၈၀ ကျော်နဲ့ ဒဏ်ရာရသူ ၁၂၀ လောက်အထိရှိနေပြီလို့ ဒေသခံတွေကပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။