RCSS က အစိုးရနဲ့ တပ်မတော်ကို သီးခြားစီ တွေ့ဆုံမည်


2019.01.26
rcss-pc-chiangmai-622.jpg အစိုးရငြိမ်းချမ်းရေးကော်မရှင် နဲ့ RCSS ခေါင်းဆောင်တွေ ၂၀၁၉၊ ဇန်နဝါရီ ၁၄ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလွတ်သဘော တွေ့ဆုံစဉ်
Photo: Aung Moe Myint/ RFA

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဟာ တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့၊ NRPC တာဝန်ရှိသူတွေနဲ့ ဖေဖော်ဝါရီလဆန်းမှာ သီးခြားစီ တွေ့ဆုံသွားမယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ NRPC က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့မှာတော့ တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နဲ့ တွေ့ဆုံံဆွေးနွေးမှာဖြစ်တယ်လို့ RCSS အဖွဲ့ အကြံပေး ဦးခွန်ဆိုင်း က RFA ကို ပြောပါတယ်။

RCSS ဘက်က ဗိုလ်ချုပ် ပေါင်ခေး ဦးဆောင်တဲ့ အဖွဲ့က နေပြည်တော်ကို သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတွေ့ဆုံပွဲတွေမှာ နယ်မြေသတ်မှတ်ချက်တွေနဲ့ ပတ်သက်လို့ နားလည်မှုလွဲနေတဲ့ ကိစ္စတွေအပါအဝင် တပ်နေရာချထားရေး ကိစ္စရပ်တွေကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့က အစိုးရတပ်မတော်က အပစ်ရပ်စဲကြောင်း ကြေညာပြီးနောက် RCSS လက်အောက်ခံတပ်တွေကို အစိုးရတပ်မတော်နဲ့ ပတ်သက်ပြီး ခံစစ်အနေအထားမှာသာ နေကြဖို့ ဌာနချုပ်က ညွှန်ကြားထားတယ်လို့လည်း ဦးခွန်စိုင်း ကပြောပါတယ်။

တပ်မတော်က မနေ့က ကြေညာချက် ထုတ်ပြန်ရာမှာတော့ RCSS အဖွဲ့ဟာ တပ်မတော်က အပစ်ရပ်ထားတဲ့ ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာ၊ လူသစ်စုဆောင်းတာ၊ နယ်မြေကျော်လွန်လှုပ်ရှားတာ၊ ဆက်ကြေးကောက်တာ စတဲ့ကိစ္စရပ်တွေကို လုပ်ဆောင်ခဲ့တယ်လို့ ပြောထားပါတယ်။

တပ်မတော်က စစ်ဌာနချုပ်နယ်မြေ ၅ ခုမှာ အပစ်ရပ်စဲထားတဲ့ ၁ လကျော် ကာလအတွင်း တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့တွေဘက်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အဆင့်လိုက် ဆွေးနွေးမှုတွေလုပ်ရမယ့်အစား အင်အားတိုးချဲ့တာတွေနဲ့ နယ်မြေတည်ဆောက်တာတွေ လုပ်ဆောင်လာတဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ထိခိုက်လာတယ်လို့ ကြေညာချက် ထုတ်ပြန်လာတာဖြစ်ပါတယ်။

ကြေညာချက်ထုတ်ပြန်ရတဲ့ အကြောင်းရင်းနဲ့ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးကြီး ဇော်မင်းထွန်းက

"EAO အဖွဲ့တွေကကော၊ နိုင်ငံရေးအဖွဲ့တွေကကော တပ်မတော်က တစ်ဖက်သတ် အပစ်ရပ်ပေးလိုက်ရင် ငြိမ်းချမ်းသွားမှာ ဒါကတော့ ပြောသံပေါ့။ ကျနော်တို့ ရပ်ပေးလိုက်တယ်။ ရပ်ပေးလိုက်တော့ ဘာတွေဖြစ်လာသလဲဆိုတာ ပြည်သူလူထု အမှန်တိုင်း သိသင့်ပါတယ်။ ကျနော်တို့ ၂၀၂၀ ပြည့်နှစ်မှာ ငြိမ်းချမ်းရေးလုပ်မယ်လို့ သန္နိဋ္ဌာန် ချပြီးသားပါ။ ညှိနှိုင်းတဲ့ လုပ်ငန်းစဉ်တွေလည်း ရှိတယ်။ သတိပေးထုတ်ပြန်ချက်တွေ မလိုက်နာရင် လုပ်သွားရမယ့် အဆင့်တွေအတိုင်း ကျနော်တို့လုပ်ရပါမယ်"

ဒီတစ်လတာကာလအတွင်း တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဟာ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တို့နဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် RCSS ဟာ ရှမ်းပြည်နယ်အတွင်းက ကျောက်မဲနဲ့ သီပေါမြို့နယ်တွေမှာ ဆက်ကြေးကောက်တာ၊ မိုင်းရှူးနဲ့ မိုင်းတုံဒေသတွေမှာ လူသစ်စုဆောင်းတာ၊ ဟိုပုံးမြို့နယ်မှာ နယ်မြေကျူးကျော်တာနဲ့ အစိုးရတပ်တွေကို ချောင်းမြောင်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တပ်မတော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နောက်ဆုံးထားပြီး အဖွဲ့အစည်းအသီးသီးနဲ့ ကတိကဝတ်တွေရှိတဲ့အတိုင်း သတ်မှတ်နယ်မြေတွေကို ပြန်ဆုတ်ခွာပေးဖို့ သတိပေးထားပါတယ်။

မနေ့က တပ်မတော်ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ RCSS ရဲ့ အကြံပေး ဦးခွန်ဆိုင်းက အခုလို သုံးသပ်ပါတယ်။

"တပ်မတော်ဘက်က နယ်မြေချဲ့ထွင်တာတို့ အဲ့ဒါတွေဟာ တပ်မတော်ဘက်က အမြင်ဖြစ်တယ်။ KNU နဲ့ RCSS အမြင်က တစ်မျိုးဖြစ်တယ်။ သူတို့နှစ်ဘက် လက်မှတ်ထိုးထားတဲ့ စာချုပ်ပေါ်မှာ သူတို့အမြင်က မတူဘူး။ ဖေဖော်ဝါရီလအတွင်းမှာ တွေ့လို့ဆီရင်  ဒီကိစ္စတွေက ပြေလည်သွားမှာဖြစ်ပါတယ်။ ကျနော်တို့က အခြေအနေ တင်းမာလာမယ်လို့တော့ သိပ်တော့ မမြင်ဘူးခင်ဗျ"

နယ်မြေကျော်လွန်လှုပ်ရှားခဲ့တယ်ဆိုပြီး အစိုးရတပ်မတော်က ထောက်ပြတဲ့အထဲမှာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA က ရှမ်းပြည်နယ်အတွင်းက ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာမြို့တွေမှာ ၁၀ ကြိမ်နဲ့ TNLA က နမ်ဆန်၊ နမ္မတူ၊ နမ့်ဖက်ကာ၊ မိုင်းငေါ့၊ ကျောက်မဲနဲ့ မုန်းဝီးဒေသတွေမှာမှာ ၆၅ ကြိမ် ရှိခဲ့တယ်လို့ ဆိုပါတယ်။

တပ်မတော်ဘက်က ထောက်ပြချက်တွေနဲ့ ပတ်သက်လို့ တအာင်းလွတ်မြောက်ရေး တပ်မတော်ဘက်ကို မေးကြည့်ရာမှာ အပစ်ရပ်စဲကြောင်း ကြေညာထားတဲ့ ကာလအတွင်း အစိုးရတပ်ဘက်က ကွတ်ခိုင်၊ မန်တုံနဲ့ နန်ဆန်မြို့တွေမှာ တပ်စခန်းတွေ ပိုတိုးချလာတာတွေရှိခဲ့တယ်လို့ ပြောလာပါတယ်။

"ကျနော်တို့ဒေသမှာတော့ သူတို့ရဲ့ လှုပ်ရှားမှုကတော့ ပုံမှန်အတိုင်းရှိတယ်။ သူတို့ကြေညာချက် ထုတ်ပြန်ပြီးနောက်ပိုင်းမှာ စခန်းအသစ်တွေ ၂၁ ခုလောက် တိုးချဲ့ပြီးချထားတာတွေ့ရတယ်။ လှုပ်ရှားမှု သတ်မှတ်ဧရိယာကျော်တယ်ဆိုတာ ကျနော်တို့နဲ့ တပ်နဲ့ ကြားမှာ လက်မှတ်ထိုးထားတာ၊ နယ်မြေပိုင်းခြားတာ မရှိသေးဘူး။ လှုပ်ရှားမှုကတော့ ပုံမှန်လှုပ်ရှားတဲ့နေရာပဲ လှုပ်ရှားတာပါ"

တအာင်းလွတ်မြောက်ရေးတပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော် ပြောသွားတာကို ကြားခဲ့ရတာပါ။

တပ်မတော်ဘက်က အပစ်ရပ်ထားပေမယ့် တိုင်းရင်းသားအဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်ရှိနေခဲ့တဲ့အတွက် ဒေသခံတွေ အသက်အိုးအိမ်စည်းစိမ် ထိခိုက်တာတွေရှိလာပြီး စစ်ဘေးရှောင်ဒုက္ခသည်တွေ များလာကြောင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ NRPC ဒါမှမဟုတ် တပ်မတော်ညှိနှိုင်းရေးအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ အမြန်ဆုံးဆောင်ရွက်ကြဖို့ မနေ့က ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

ကချင်ပြည်နယ်မှာတော့ တပ်မတော်က အပစ်ရပ်ပြီးနောက် တိုက်ပွဲတွေဖြစ်တာမရှိသလို စစ်ရှောင် ဒုက္ခသည်တွေ တိုးလာတဲ့ အခြေအနေလည်း မရှိဘူးလို့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာ က ပြောပါတယ်။

"ကျနော်တို့ ကချင်ပြည်နယ်မှာတော့ တပ်မတော်က ဒီဇင်ဘာလ ၂၁ ရက်နေ့က ကြေညာပြီးနောက်ပိုင်း တိုက်ပွဲတွေ မရှိပါဘူး။ တော်တော်လေး ငြိမ်သက်နေတယ်။ IDP တွေထပ်တိုးတာလည်း မရှိပါဘူး။ တိုက်ပွဲတွေ ဆက်ရပ်မယ်ဆိုရင် IDP တွေ မိမိဌာနေပြန်နိုင်ရေးကို ဆောင်ရွက်ပေးရမယ့် အနေအထားရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းတွေကြားမှာလည်း မပစ်ခတ်သင့်ဘူး။ မဟုတ်ရင် အမဲစက်တွေဖြစ်လာမယ်။ နောက်ဆုံးကျရင် အာဏာပိုင်တွေက ဖြေရှင်းပေးရမယ့် အနေအထား ကို ရောက်လာနိုင်တယ်"

လာမယ့် ဖေဖော်ဝါရီလအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် KIO က ငြိမ်းချမ်းရေးကော်မရှင်နဲ့ တွေ့ဖို့ ရှိနေပါတယ်။ ဒါ့အပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကလည်း NRPC တာဝန်ရှိသူတွေ၊ တပ်မတော်က တာဝန်ရှိသူတွေနဲ့ သီးခြားစီ တွေ့ဆုံသွားဖို့ရှိပါတယ်။

TNLA ကတော့ အစိုးရနဲ့ တပ်မတော်ဟာ သူတို့အဖွဲ့ကို တွေ့ဆုံဖို့ ဖိတ်ခေါ်တာမရှိသေးကြောင်းနဲ့ သူတို့ဘက်က တွေ့ဆုံဖို့ အဆင့်သင့်ရှိကြောင်း ပြောပါတယ်။

နှစ်ဘက်တွေ့ဆုံမှုတွေမှာ နယ်မြေပိုင်းခြားမှုအပါအဝင် စာချုပ်စာတမ်းပါ ကတိကဝတ်တွေအပေါ် တစ်ဘက်နဲ့ တစ်ဘက် နားလည်မှု လွဲမှားချက်တွေကို ညှိနှိုင်းဖြေရှင်းပြီး အပစ်ရပ်စဲရေးကာလကို ရေရှည်တည်တံ့နိုင်ဖို့ ဒေသခံတွေနဲ့ နိုင်ငံရေးလေ့လာသူတွေက မျှော်လင့်ကြောင်း ပြောကြပါတယ်ရှင်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။