ကွတ်ခိုင်မှာ တပ်နဲ့ TNLA တိုက်ပွဲဖြစ်၊ ရွာသား ၂၀၀ကျော် ထွက်ပြေး


2019.06.17
kokkhaing-refugees-622.jpg တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA တို့ တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့နယ် မော်ဟန်ကျေးရွာမှာ ရောက်ရှိနေတဲ့ ဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: di wang

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မရူဖတ်ကာကျေးနဲ့နမ့်ဟွေကျေးရွာတစ်ဝိုက် တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA တို့ တိုက်ပွဲကြောင့် ကျေးရွာလေးရွာက ရွာသား နှစ်ရာလောက် နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။

ကွတ်ခိုင်မြို့နယ် မော်ဟန်ကျေးရွာအုပ်စုအတွင်းက မရူဖတ်ကာကျေးရွာနဲ့နမ့်ဟွေကျေးရွာတွေ အနီးမှာ ဇွန်လ ၁၆ရက်နေ့ မနေ့မနက်ပိုင်းက တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

TNLAတပ်ဖွဲ့တွေဟာ မရူဖတ်ကာတောင်မှာ တပ်စွဲထားတာ ခုနှစ်လလောက်ရှိနေပြီဖြစ်ပြီး မနေ့က ဇွန်လ ၁၆ ရက်မှာ တပ်မတော်စစ်ကြောင်းတွေနဲ့ထိပ်တိုက်တွေ့တာကနေ တိုက်ပွဲဖြစ်တာလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့နေရာဟာ ကွတ်ခိုင်-တာမိုညှဲသွားတဲ့လမ်းပိုင်းမှာဖြစ်ပြီး တိုက်ပွဲဖြစ်ချိန်မှာ တာမိုညှဲ ဗျူဟာကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုရှိခဲ့တယ်လို့ဒေသခံက ပြောပါတယ်။

TNLA ပြောခွင့်ရသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ကွတ်ခိုင်မြို့နယ်အတွင်းမှာ ဇွန်လ ၁၆ ရက်နေ့က တပ်မတော်ဘက်က တပ်မ ၉၉ လက်အောက်ခံတပ်တွေနဲ့ တိုက်ပွဲနှစ်နေရာမှာ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။

တပ်မတော်ဘက်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် စစ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းထွဋ်လေးကို ဆက်သွယ်မေးမြန်းရာမှာ ဖုန်းပြန်လည်ဖြေဆိုတာမရှိပါဘူးခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုကံသာ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။