ခမီတိုင်းရင်းသား ခြောက်ဦးကို တပ်မတော် ဖမ်းဆီး
2019.06.17
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဒုံးသိမ်စစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေတဲ့ ခမီတိုင်းရင်းသား ခြောက်ဦးဟာ သူတို့နေအိမ်တွေရှိတဲ့ အလယ်ချောင်းရွာမှာ စားနပ်ရိက္ခာတွေ သွားရောက်သယ်ဆောင်ပြီး ဒုက္ခသည်စခန်းကို ပြန်လာစဉ် တပ်မတော်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ညနေပိုင်းမှာ အစိုးရတပ်မတော်က ဖမ်းဆီးသွားတာလို့ ဖမ်းဆီးခံရသူတစ်ဦးရဲ့ အကိုဖြစ်သူ ဦးခတ်ချုးက ကပြောပါတယ်။
"တပ်ကဖမ်းသွားတာ၊ ၅၅၁ က အခု ၅၅၁ ကို ဖမ်းပြီးခေါ်သွားတယ်လို့ ကြားမိတယ်။ ရွာကပြန်လာတာ လမ်းတစ်ဝက်မှာ ဖမ်းသွားတာ။ တနင်္ဂနွေနေ့က"
တပ်မတော်ဘက်က ခမီတိုင်းရင်းသား ခြောက်ဦးအပါအဝင် မွတ်စလင် တစ်ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ RFA ကို အတည်ပြု ပြောပါတယ်။
သူတို့ဟာ AA ကို ရိက္ခာပို့တယ်လို့ ယူဆစရာရှိတာကြောင့် စစ်ဆေးနေတာလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
"ဖုန်ညိုလိပ်ရဲ့ အရှေ့မြောက်ဘက်မှာ မီတာ ၃၀၀၀ လောက်မှာ လှည့်ကင်းဆောင်ရွက်နေတဲ့ တပ်ရှိတယ်။ အဲအဖွဲ့တွေက ဆိုင်ကယ်နဲ့ထွက်လာတာတွေရှိတယ်။ ခေါ်ပြီးစစ်တဲ့အခါမှာတော့ ခမီး ခြောက်ယောက်ရယ်၊ တိုင်းရင်းသား မဟုတ်တဲ့ တစ်ယောက်ပါပါတယ်။ ဆိုင်ကယ် တစ်စီး၊ ဖုန်း သုံးလုံးနဲ့ ငရုပ်သီးခြောက်အိတ်တွေနဲ့ ကျနော်တို့ တွေ့ရတယ်။ AA အဖွဲ့ကို ရိက္ခာသွားပို့တယ်လို့တော့ ကျနော်တို့ အကြမ်းဖျဉ်း ယူဆလို့ရတယ်။ အဲဒါကြောင့် ကျနော်တို့ စစ်ဆေးနေဆဲဖြစ်တယ်"
အလယ်ချောင်းကျေးရွာ၊ သရက်ပြင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင် က ဖမ်းဆီးခံထားရသူတွေကို ထိန်းသိမ်းထားတဲ့အခြေအနေနဲ့ ဘာကြောင့်ဖမ်းဆီးခံရတယ်ဆိုတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ အတိအကျမသိရသေးဘူးလို့ ပြောပါတယ်။
မနေ့က တပ်မတော်က ဖမ်းဆီးသွားသူတွေဟာ သာမာန်အရပ်သားတွေသာ ဖြစ်တယ်လို့ AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။
"ကျနော်တို့ သိသလောက်တော့ အဲ့လူတွေက သာမာန်အရပ်သားတွေပဲ။ စစ်ရှောင်စခန်းတွေမှာ နေကြတာ။ အဲလူတွေမှာ ကျနော်တို့ ဘာမှ ပတ်သက်မှုမရှိဘူး"
အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ဟာ သရက်ပြင်ကျေးရွာအုပ်စုအနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ ဖြစ်နေ တာကြောင့် ပြီးခဲ့တဲ့ မတ်လလောက်ကစပြီး အဲဒီကျေးရွာအုပ်စုတစ်ဝိုက်က ကျေးရွာသားတွေဟာ ဒုံးသိမ်စစ်ဘေးရှောင်စခန်းကို သွားရောက်ခိုလှုံနေကြရပါတယ်။
လက်ရှိမှာတော့ ဒုံးသိမ်စခန်းကနေ တခြားနေရာတွေကို ထပ်မံရွှေ့ပြောင်းတာ၊ နေရပ်ပြန်တာတွေကြောင့် ဒုံးသိမ်စခန်းမှာ လူဦးရေ ၂၀ လောက်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။
အစိုးရတပ်မတော်က ရခိုင်တိုင်းရင်းသားတွေကို AA လို့ထင်မြင်တာတွေကြောင့် အစိုးရတပ်တွေကို မြင်ရင် ရှောင်ပြေးနေရတယ်လို့ ဘူးသီးတောင်မြို့နယ်၊ အလယ်ချောင်းကျေးရွာသား ဦးမောင်သန်းရွှေက ပြောပါတယ်။
"သူတို့ဟာ ငါတို့ ရခိုင်တွေအားလုံးကို AA လို့ သဘောထားကြတယ်လေ။ ခင်ဗျားတို့ AA ကို သတင်းပေးတာ။ တပ်မတော်ကလာရင် ကျနော်တို့ကို အကုန် AA ထင်နေတာ"
သရက်ပြင်၊ အလယ်ချောင်း၊ ပြင်ချောင်းအစရှိတဲ့ ကျေးရွာတွေတဝိုက်မှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒေသခံတွေဟာ ဘူးသီးတောင်မြို့ပေါ်မှာ သွားရောက်ခိုလှုံနေကြရတာတွေလည်း ရှိနေပါတယ်။
အစိုးရနဲ့ AA တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လက်ရှိမှာ စစ်ဘေးဒုက္ခသည်ဟာ ငါးသောင်းနီးပါးရှိနေ ပြီဖြစ်ပါတယ်။
(RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်)