အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်တဲ့ SSPP/SSA တပ်စခန်းတချို့ ဖယ်ရှားပေးလိုက်ရ
2015.10.16

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရှုးမြို့နယ်နဲ့ ကျေးသီးမြို့နယ်ထဲမှာ အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA (ဝမ်ဟိုင်း) တို့ တိုက်ပွဲဖြစ်ပွားရာ တာဆမ်ပူးတပ်စခန်းကို ဖယ်ရှားပေးလိုက် ရတယ်လို့ SSPP/SSA (ဝမ်ဟိုင်း) အဖွဲ့က ပြောပါတယ်။
မနေ့ကထိ တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး မိုင်းရှုးမြို့နယ်ထဲက တာဆမ်ပူးတပ်စခန်းနေရာတွေကို ဖယ်ရှားပေးလိုက်ရတယ်လို့ SSPP/SSA (ဝမ်ဟိုင်း)က ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။
"မိုင်းရှုးနဲ့ ဆယ်မိုင်ဝန်းကျင်လောက်မှာပဲ တာဆမ်ပူးတပ်စခန်းကို ဖယ်လိုက်ပြီ၊ ဖြစ်တဲ့နေရာ အဲဒီတောင်ကုန်းနှစ်နေရာ သုံးနေရာလောက် ကျနော်တို့ဖယ်လိုက်တာ၊ အဲဒီတိုက်ပွဲဖြစ်တဲ့နေရာနဲ့ ကျနော်တို့ ဝမ်ဟိုင်းဌာနချုပ်က ဆယ်မိုင်ဝန်းကျင်လောက်ပဲရှိတယ်၊ အဲဒီနေရာကတဆင့် သူတို့က ဝမ်ဟိုင်းကိုချီတက် တိုက်ခိုက်မယ်ဆိုရင်တော့ အလှမ်းတော့ မဝေးတော့ဘူးပေါ့နော်၊ လက်နက်ကြီးနဲ့ ပစ်တာတောင် ၁၂ဝ မမ တို့နဲ့ဆိုရင် ရောက်နိုင်တယ်လေ"
အခု ဆုတ်ခွာလိုက်ရတဲ့ တပ်စခန်းဟာ ဝမ်ဟိုင်းဌာနချုပ်နဲ့ ဆယ်မိုင်နီးပါးလောက် အကွာအဝေးရှိပြီး ဌာနချုပ်ဆီကိုလည်း တိုက်ခိုက်လာနိုင်တယ်လို့ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ ၅၇၇၊ ခမရ ၅၂၀၊ ခမရ ၂၉၆ တပ်တွေနဲ့ တိုက်ပွဲဖြစ်တာလို့ သိရပါတယ်။
နှစ်ဖက်ကျဆုံးမှုတွေလည်းရှိခဲ့ပြီး ဒေသခံကျေးရွာတွေက တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရသူ တစ်ထောင် ကျော်လောက်ရှိတယ်လို့ သိရပါတယ်။
SSPP/SSA အဖွဲ့က ဗိုလ်မှူးကြီးစိုင်းလကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။