အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေ ဆက်လက်တိုက်ခိုက်
2015.02.05

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ် ဒေသတွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတပ်တွေကြား ဒီသီတင်းပတ်အတွင်း တိုက်ပွဲတွေပြင်းထန် လာခဲ့ရာမှာ နှစ်ဖက်အကျအဆုံး အနည်းဆုံး ၂ဝ ဝန်းကျင်ရှိမယ်လို့ ရိုက်တာသတင်းက ဖေါ်ပြပါတယ်။
အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အင်တာနက် Facebook စာမျက်နှာမှာတော့ တနင်္လာနေ့ ကစပြီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း အစိုးရတပ်ဘက်က ၉ ဦး၊ တိုင်းရင်းသား လက်နက်ကိုင်အအဖွဲ့တွေဘက်က ၁၁ ဦး ကျဆုံးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။
TNLA တအာင်းတပ်မတော် တပ်မှူးကြီး တာ့ဖုန်းကျော် ကတော့ အကျအဆုံးနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
"နှစ်ဖက်အကျအဆုံးတွေ နည်းနည်းများတယ်လို့ သိရတယ်၊ နှစ်ရက် သုံးရက်တိုက်ပွဲတွေက ကျနော်တို့ဘက်ကလည်း အကျအဆုံးရှိပါတယ်၊ စာရင်းအတိအကျတော့ ကျနော်တို့ဆီ မလာသေးပါဘူး"
TNLA တအာင်းတပ်မတော် ဗိုလ်မှူး တာ့ပန်လှကတော့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ သုံးရက်၊ အင်္ဂါနေ့မှာ အစိုးရတပ်က ရဟတ်ယာဉ် နှစ်စီးနဲ့ လာရောက်ပစ်ခတ်ခဲ့လို့ ရွာသူရွာသားတချို့ ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ ပြောဆိုကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။
ဒါ့ပြင် TNLA က ဘိန်းခင်းတွေဖျက်တဲ့အတွက် အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်ပွားတာတွေရှိတယ်လို့ တပ်မှူးကြီး တာ့ဖုန်းကျော်က ပြောပါတယ်။
"ကျနော်တို့ဘက်ကလည်း တချို့နယ်မြေတွေမှာ ဘိန်းခင်းတွေရှိတယ်၊ ကျနော်တို့ ဘိန်းခန်းတွေ လိုက်ဖျက်တယ်၊ ခြံပိုင်ရှင်တွေက အစိုးရတပ်ဖက်ကို သွားအကူအညီတောင်းတာနဲ့ တူပါတယ်၊ ဘယ်လိုဖြစ်ကြလဲတော့ မသိဘူး၊ အဲဒီ့မှာ နောက်ပိုင်းတော့ တိုက်ပွဲတွေပိုပြီးစိပ်လာတယ်၊ ကျနော်တို့ နယ်ဖက်ကိုလည်း အစိုးရတပ်ဖက်က လှုပ်ရှားမှုတွေပိုများလာတယ်၊ ထိုးစစ်တွေပိုများလာတယ်၊ အဲဒီ့အတွက်ကြောင့်ပဲ တိုက်ပွဲတွေပိုများလာတာပါ"
ဗိုလ်မှူး တာ့ပန်လှကလည်း ဘိန်းခင်းဖျက်လို့ တိုက်ပွဲဖြစ်ပွားရာမှာ အစိုးရတပ်က ၉ ဦး၊ TNLA ဘက်က တစ်ဦး ကျဆုံးတယ်လို့ ပြောပါတယ်။