တပ်မတော်က နယ်မြေရှင်းလင်း
2016.10.12

ပြီးခဲ့တဲ့ရက်ပိုင်းက အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျီးကန်းပြင်ကျေးရွာက နယ်ခြားစောင့်ရဲ ကွပ်ကဲမှုဌာနချုပ်အနီးမှာရှိတဲ့ ဝပိတ် မွတ်စလင် ကျေးရွာတဝိုက်မှာ တပ်မတော်က နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်စဉ်မှာ ပစ်ခတ်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မှာ အပြန်အလှန်တိုက်ခိုက်တာမျိုး မဟုတ်ဘဲ ဝပိတ်မွတ်စလင် ကျေးရွာအနီးက တောင်ကုန်းတွေနဲ့ တခြားနေရာတွေကို တပ်မတော်ဘက်က ပစ်ခတ်တာတွေ တွေ့ရတယ်လို့ ဝပိတ်ကျေးရွာအနီး အောင်သာယာ ရွာဒေသခံ ကိုကျော်စိုးမိုး က ပြောပါတယ်။
မောင်တောမြို့နယ်တစ်ခုလုံးမှာ အစိုးရက တပ်မတော်နဲ့ ရဲတပ်ဖွဲ့အင်အားတွေကို တိုးမြှင့်ချထားပြီး ပျောက်ဆုံးသွား တဲ့ လက်နက်တွေနဲ့ အကြမ်းဖက်သမားတွေကို ပိုက်စိပ်တိုက် ရှာဖွေနေတာ ဖြစ်ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနဲ့ စစ်ဆင်ရေး ကွပ်ကဲရေးမှူးတွေကိုယ်တိုင် မောင်တောမှာ အခြေပြုပြီး စစ်ဆင်ရေးတွေအတွက် ကွပ်ကဲဆောင်ရွက်နေတယ် လို့လည်း သိရပါတယ်။
အကြမ်းဖက်သမားတွေလို့ သံသယရှိသူတွေနဲ့ လက်နက်အချို့ကို ပြန်လည်သိမ်းဆည်းရမိတာတွေ ရှိပေမယ့် အသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ စစ်တွေအခြေစိုက် အမြောက်တပ်ရင်းက တပ်စိပ်အချို့လည်း ဒီနေ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်ဘက်ကို အင်အားဖြည့်ဆောင်ရွက်ဖို့ ထွက်ခွာသွားပါတယ်။
မနေ့က မောင်တောမြို့နယ် ပြောင်းပစ်ကျေးရွာအနီး တောင်ကုန်းမှာ တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းရာ အကြမ်းဖက်တိုက်ခိုက်သူ ၃၀၀ ကျော်က ပြန်လည်ပစ်ခတ် တိုက်ခိုက်တာကြောင့် တပ်မတော်သား ၄ ဦး ကျဆုံးခဲ့ တယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။