ဟူးကောင်းဒေသကို တပ်မတော် ထိုးစစ်ဆင်နေတာ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်ကြောင်း KPCC ထုတ်ပြန်
2017.06.21

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အပါအဝင် ဟူးကောင်းဒေသကို တပ်မတော်က ထိုးစစ်ဆင်နေတာ ပြည်တွင်းငြိမ်း ချမ်းရေး ဆောင်ရွက်မှုအပေါ် တစ်စုံတရာ ရိုက်ခတ်လာနိုင်တယ်လို့ ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်းဆောင် ရွက်ရေးကော်မတီ KPCC က ဒီကနေ့ သဘောထား ထုတ်ပြန်လိုက်ပါတယ်။
စစ်ပွဲတွေကြောင့် ကချင်တိုင်းရင်းသားတွေရဲ့ မြေယာတွေ ဆုံးရှုံးနေရတဲ့အပေါ် စိုးရိမ်တဲ့အတွက် အခုလို ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ KPCC မှာ ပါဝင်တဲ့ ကချင်ဒီမိုကရက်တစ်ပါတီက ဦးဂျော်ဆန်းနော် က ပြောပါတယ်။
"စစ်ပွဲတွေ၊ တိုက်ပွဲတွေ၊ ပဋိပက္ခတွေ ဖြစ်ပြီးတဲ့အခါမှာ ဒေသခံတွေက သူတို့ရွာတွေ ပြောင်းရွှေ့ခံ ရတယ်။ စုစည်းရွာအဖြစ် နေရတဲ့ အခါကျတော့ သူတို့လယ်ယာမြေတွေ လက်လွတ်ဆုံးရှုံးရတယ်။ အခုအချိန်အထိ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားတွေ တစ်သိန်းကျော်ပေါ့လေနော်။ သူတို့အနေနဲ့ သူတို့ လယ်ယာမြေတွေ ပြန်လည်မရရှိဘူးဆိုတဲ့ အနေအထားမှာ ကျနော်တို့လည်း စိုးရိမ်ပြီးမှ ဒါ အဓိက စာထုတ်ရတာပေါ့။"
မြေယာသိမ်းဆည်းမှုတွေဟာ အပြန်အလှန် ယုံကြည်မှုကို ပျက်ပြားလာစေနိုင်ပြီး အချင်းချင်းကြား အမျက်ဒေါသ မီးကို မွှေးပေးသလိုဖြစ်နေတယ်လို့ KPCC ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် မြေယာနဲ့ သဘာ၀ သယံဇာတကို ဗဟိုကနေ မထိန်းချုပ်ဘဲ ဒေသခံ တိုင်းရင်းသားတွေ စီမံခန့်ခွဲနိုင် တဲ့ နိုင်ငံရေး ဆွေးနွေးပွဲရလဒ်တွေကို အကောင် အထည်ဖော်မှ ပြည်တွင်းစစ် ပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းနိုင် မှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာရှိတဲ့ ရွှေနဲ့ ပယင်းမှော်တွေမှာ နေထိုင်လုပ်ကိုင်နေသူတွေကို တပ်မတော်က ဇွန်လ ၁၅ ရက်နေ့က နောက်ဆုံးထားပြီး ထွက်ခွာ ခိုင်းခဲ့တာဖြစ်ပြီး မထွက်ခွာသူတွေဟာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA နဲ့ ဆက်နွယ်သူတွေလို့ ယူဆမှာဖြစ်ကြောင်း တပ်မတော် က ကြေညာခဲ့ပါတယ်။
ဒါကြောင့် ရွှေနဲ့ပယင်းမှော်တွေထဲမှာ နိုင်ငံအနှံ့အပြားက လာရောက် လုပ်ကိုင်နေသူတွေလည်း နေရပ်ကို ပြန်ခဲ့ ကြသလို ဒေသခံတွေလည်း တိမ်းရှောင်နေကြ ရတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ တနိုင်းဒေသမှာ တပ်မတော်နဲ့ KIA ကြား စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။