အစိုးရတပ်မတော်နဲ့ TNLA ကျောက်မဲမှာ တိုက်ပွဲဖြစ်ပွား
2016.10.16

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းလုံမြို့နယ်ခွဲက ပါလိုင်ကျေးရွာအနီးမှာ အစိုးရတပ်မတော်နဲ့ တအာင်း(ပလောင်)တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
ပြီးခဲ့တဲ့ ၃ ရက်လောက်ကစပြီး တိုက်ပွဲဖြစ်ပွားနေရာမှာ ဒီကနေ့ တိုက်ပွဲတွေ ပိုပြင်းထန်နေတယ်လို့ ပါလိုင်ကျေး ရွာဒေသခံတစ်ဦး က ပြောပါတယ်။
"ဒီနေ့ဆို ၄ ရက်ရှိပြီရှင့်၊ TNLA နဲ့ အစိုးရစစ်တပ်နဲ့လေ၊ ရွာနဲ့ ၂ မိုင်လောက်ပဲဝေးတာ၊ ခရီးထွက်သွား တဲ့ကောင်လေး ၂ ယောက်နဲ့ နောက်ထပ် ထင်းသွားခုတ်တဲ့လူ ၃ ယောက်ကို စစ်တပ်ကခေါ်ထားတာ၊ ဖမ်းဆီးတာဘာညာ အဲလိုမျိုး ရိုက်တာဘာညာတော့ မဟုတ်ဘူး၊ သူတို့ကြားထဲရောက်သွားတော့ ထမင်းချက်ဖို့ခေါ်ထားတယ်ထင်တယ်၊ အစိုးရတပ်ကရှင့်၊ အခုလောလောဆယ်တော့ ရွာသားတွေက စစ်တပ်ကရွာထဲကိုလာရင် အရိုက်ခံရမှာကြောက်နေတာ၊ အထိနာပြီး ရွာကလူတွေအရိုက်ခံရ မှာ ကြောက်နေကြတယ်"
အဲဒီကျေးရွာတွေဟာ TNLA တပ်တွေ သွားလာလှုပ်ရှားနေတဲ့ ကျေးရွာတွေဖြစ်ပြီး အခုချိန်မှာ နှစ်ဖက်တပ်တွေ နီးနီးကပ်ကပ်ရှိနေတဲ့အနေအထားဖြစ်ပါတယ်။
TNLA တပ်မဟာ ၂ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျောက်မဲမြို့နယ်အတွင်း အစိုးရတပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက် လာတာကြောင့်တိုက်ပွဲတွေပြင်းထန်နေကြောင်း နဲ့ မိုးမိတ်မြို့နယ်မှာလည်း TNLA နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ TNLA ဖက်က သတင်းထုတ်ပြန်ထားပါတယ်။