ကေအိုင်အေနဲ့ တပ်မတော်တို့ တိုက်ပွဲပြင်းထန်


2017.12.16
kia-622.jpg ကချင်ပြည်နယ်မှာ ကေအိုင်အေ တပ်သားတချို့ကို တွေ့ရစဉ်
Photo: RFA

ကချင်လွတ်မြောက်ရေးအဖွဲ့ KIA ဌာနချုပ် လိုင်ဇာအနီးကို ဒီဇင်ဘာလ ၁၅ ရက်နေ့ မနေ့က တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေရှိသလို  ဒီဇင်ဘာ ၁၄ ရက်နေ့က မန်စီမြို့နယ်ဘက်မှာ ဂျက်လေယာဉ်တွေနဲ့ တိုက်ခိုက်တာတွေရှိခဲ့တယ်လို့ KIA ပြန်ကြားရေး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီးနော်ဘူက ဒီနေ့ ပြောပါတယ်။

ဂျက်လေယာဉ်တွေပါ အသုံးပြုပြီး တိုက်ခိုက်နေတာဖြစ်တဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ KIA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

"ပြင်းထန်တယ်လို့ပြောလို့ရပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်ဘက်က လေယာဉ်ပျံတောင် သုံးတယ်၊ ဂျက်ဖိုက်တာတွေနဲ့ လာတိုက်တာဆိုတော့ ပြင်းထန်တယ်လို့ပြောလို့ရပါတယ်၊ နောက် ကျနော်တို့ လိုင်ဇာဌာနချုပ်နားကိုလည်း တပ်မတော်ဘက်က လက်နက်ကြီးနဲ့ လာပစ်တာရှိတယ်"

KIA ဌာနချုပ်အနီးကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့်  လိုင်ဇာအနီးက စစ်ဘေးဒုက္ခသည်တွေ အနည်းငယ် ထိတ်လန့်မှုတွေရှိခဲ့ပေမယ့် ဒီနေ့ တည်ငြိမ်သွားပြီလို့ KIA ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ကချင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တို့အကြား ဒီ ရက်ပိုင်းအတွင်း လိုင်ဇာမြို့ ပတ်ဝန်းကျင်၊ မန်စီမြို့နယ် မန်ဝိန်းကြီးဒေသနဲ့ တနိုင်းဒေသဘက်မှာ တိုက်ပွဲတွေ တကျော့ပြန် ပြင်းထန်လာပြီး လေကြောင်းကနေ တိုက်ခိုက်မှုတွေအပြင် မြေပြင်တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

၂၁ ရာစု ပင်လုံညီလာခံမတိုင်ခင် စစ်ရေးအရ ဖိအားပေးတာ ဖြစ်နိုင်သလို KIA အဖွဲ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဖြတ်တောက်ချင်တာလည်း ဖြစ်နိုင်တယ်လို့ KIA ပြန်ကြားရေးတာဝန်ရှိသူ ဒုတိယဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

တနိုင်းဒေသမှာ KIA ရဲ့ စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ ရွှေနဲ့ ပယင်းမှော် လုပ်ငန်းတွေရှိသလို အစိုးရတပ်မတော် ဘက်ကလည်း အဲဒီ တနိုင်းဒေသမှာ တရားမဝင် ရွှေမှော်နဲ့ ပယင်းမှော်လုပ်ငန်းတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုများနေကြောင်းနဲ့ တရားမဝင်လုပ်ငန်းတွေရှိလို့ နိုင်ငံ့ဘဏ္ဍာငွေတွေ ဆုံးရှုံးရတဲ့အတွက် နယ်မြေ ရှင်းလင်းရေးလုပ်ငန်းတွေလုပ်မယ်လို့ ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။