AA အမာခံတွေ လူသတ်မှုကျူးလွန်နေကြောင်း တပ်မတော် စွပ်စွဲ
2019.09.04

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဝါးတောင်ကျေးရွာက ဒေသခံနှစ်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ် ရဲကင်းစခန်းက ဒုတိယရဲအုပ်တစ်ဦးတို့ စက်တင်ဘာ ၁ ရက်နေ့က သတ်ဖြတ်ခံရခြင်းဟာ ရက္ခိုင့်တပ်တော် AA အမာခံတွေရဲ့ လက်ချက်ဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက မနေ့က သတင်းထုတ်ပြန်ပါတယ်။
AA ဘက်က သူတို့ကို မထောက်ခံတဲ့ ဒေသခံတွေ၊ တပ်မတော်ကို သတင်းပေးတယ်လို့ သူတို့ သံသယဖြစ်သူတွေကို ကျည်ဆံထည့်ပြီး စာပေးပို့ ခြိမ်းခြောက်နေတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ရက္ခိုင့်တပ်တော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်း လူသတ်မှုတွေဟာ AA နဲ့ ပတ်သက်မှုမရှိသလို AA ရဲ့ အမာခံလို့ တပ်မတော်က ပြောတာဟာလည်း အထောက်အထား မရှိတဲ့ စွပ်စွဲချက်သာဖြစ်ကြောင်း တုံ့ပြန်ပါတယ်။
AA အနေနဲ့ ပြည်သူလူထုကို မတရားလုပ်တာမရှိသေးဘူးလို့ သူက ဆိုပါတယ်။
တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ စက်တင်ဘာ ၁ ရက်နေ့က ကျောက်တော်မြို့နယ်မှာ အသတ်ခံခဲ့ရတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဟာ နေအိမ်မှာ နေထိုင်နေစဉ် လူငယ်ခြောက်ဦးက နေအိမ်အတွင်း ဝင်ရောက်ပြီး ဓားနဲထိုးသတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ် ရဲကင်းစခန်းက ဒုရဲအုပ်ကိုတော့ ဈေးသွားဝယ်စဉ်မှာ အမျိုးသား ခြောက်ဦးက သံတုတ်တွေနဲ့ရိုက်၊ ဓားတွေနဲ့ထိုးခဲ့တဲ့အတွက် ဒုရဲအုပ် အဲဒီနေ့မှာပဲ သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။
(RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်)