အစိုးရဘတ်ဂျက် အတည်ပြု


2016.08.23
pyitaungsu-620.jpg ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ်
Photo: Myanmar Union Parliament Facebook

ပြည်ထောင်စုဝန်ကြီးဌာန ၂၁ ခုနဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေက တင်ပြတောင်းခံထားတဲ့ ငွေကျပ် ဘီလီယံ ၂သောင်းကျော်ထဲက ဘီလီယံ ၅၀၀ နီးပါးကို ပြည်ထောင်စုလွှတ်တော်က ဖြတ်တောက်လိုက်ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကိုပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို တပိုဒ်ချင်းအလိုက် မဲခွဲဆုံးဖြတ်ပြီး အတည်ပြုလိုက်တာဖြစ်ပါတယ်။

ဝန်ကြီးဌာနတစ်ခုစီအတွက် စီစစ်ရေးအဖွဲ့ွတွေ ဖွဲ့စည်းပြီး ဘတ်ဂျက်လျှော့ချမယ့်ကိစ္စကို သက်ဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ကြိုတင်ဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ ပြည်သူ့ငွေ စာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဌ ဦးအောင်မင်းက ပြောပါတယ်။

"အသုံးစရိတ်တင်လာတာ စုစုပေါင်း ဘီလီယံ ၂၀၇၃၆ ရှိပြီး အဲ့ဒီထဲက ကျွန်တော်တို့က ဘီလီယံ ၄၇၀ ဝန်းကျင်လောက် လျှော့ချလိုက်တာ။ ဝန်ကြီးဌာနတစ်ခုစီကို စိစစ်ဖို့အတွက် အမျိုးသားလွှတ်တော် နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ပါဝင်တဲ့ စိစစ်ရေးအဖွဲ့ ၁၇ ဖွဲ့စည်းပြီး စိစစ်ခဲ့တာဖြစ်တယ်"

လျှော့ချခံရတဲ့ဝန်ကြီးဌာနတွေက လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း၊ စက်မှု၊ ပြန်ကြားရေး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး စတဲ့ ဝန်ကြီးဌာနတွေ ပါဝင်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး စတဲ့ ဝန်ကြီးဌာနတွေကတော့ ဘဏ္ဍာငွေလျှော့ ချဖြတ်တောက်မခံရပါဘူး။

အရင်အစိုးရလက်ထက်က ဝန်ကြီးဌာန ၃၆ ခုအတွက် ရေးဆွဲထားတဲ့ ဘတ်ဂျက်တွေကို အစိုးရသစ်လက်ထက်မှာ ဝန်ကြီးဌာန ၂၁ ခုနဲ့ ပြင်ဆင်ရေးဆွဲတာဖြစ်တယ်လို့လည်း ဦးအောင်မင်းက ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်က အခုလို ဘတ်ဂျက်ဖြတ်တောက်လိုက်ပေမယ့် ပြည်ထောင်စုအစိုးရရဲ့ လိုငွေဟာ ကျပ်ဘီလီယံ ၃၂၀၀ ကျော်ကျန်ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။