မုဒုံမှာ အနံ့ဆိုးထွက်တဲ့ ရော်ဘာစက်ရုံတွေကို ရှောင်တခင်စစ်ဆေး

မင်းခိုင်စိုးလင်း
2020.12.08

မွန်ပြည်နယ်၊ မုဒုံမြို့နယ်က ရော်ဘာစက်ရုံတွေကနေ ရေဆိုးနဲ့ အနံ့ဆိုးတွေ ထွက်ရှိနေတယ်လို့ ဒေသခံတွေက တိုင်ကြားထားလို့ မွန်ပြည်နယ်အစိုးရအဖွဲ့က ဒီနေ့၊ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ရော်ဘာစက်ရုံ နှစ်ရုံကို ရှောင်တခင် စစ်ဆေးခဲ့ပါတယ်။

မွန်ပြည်နယ်၊ မုဒုံမြို့နယ်က ရော်ဘာစက်ရုံတွေကနေ အနံ့ဆိုးတွေ ထွက်နေတယ်ဆိုပြီး ဒေသခံတွေက ပြည်နယ်အစိုးရအဖွဲ့ထံ တိုင်ကြားထားတာကို ဒီနေ့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက မုဒုံမြို့နယ်အတွင်းကရော်ဘာစက်ရုံ နှစ်ရုံကို ရှောင်တခင် စစ်ဆေးခဲ့ပါတယ်။

ဒေသခံတွေက မကြာခဏ တိုင်ကြားခဲ့တယ်လို့ ဒေါက်တာ မင်းကြည်ဝင်းက ပြောပါတယ်။

"အဓိကတော့ ရော်ဘာအနံ့တွေ ဆိုးရွားတယ်။ နောက်တစ်ခုက စက်ရုံကနေ ညစ်ညမ်းရေတွေ၊ စွန့်ပစ်ရေတွေ ချောင်းထဲမှာ စွန့်ပစ်တဲ့ကိစ္စက ဒေသခံတွေကို အနှောင့်အယှက်ပေးသလို ဖြစ်နေတယ်၊ တိုင်ကြားမှု ဆက်တိုက်ဆိုသလိုပဲ။ တိုင်ကြားမှုက ကျွန်တော်တို့ အစိုးရအဖွဲ့က သဘာဝပတ်ဝန်းကျင် ဌာနကနေ လာရောက် စစ်ဆေးတယ်"

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ မြို့နယ် စည်ပင်သာယာရေး အဖွဲ့ဝင်တွေလည်း စစ်ဆေးမှုမှာ ပါဝင်ခဲ့ပါတယ်။

မွန်ပြည်နယ်အတွင်းက ရော်ဘာစက်ရုံတွေကနေ အနံ့ဆိုးတွေ၊ ရေဆိုးတွေ ထွက်ရှိနေလို့ ခရီးသွား ပြည်သူတွေ၊ အတည်တကျ နေထိုင်ကြတဲ့ ရပ်ကွက်နေပြည်သူတွေနဲ့ ကင်းလွတ်ရာနေရာမှာ စက်ရုံတွေကို ပြောင်းရွှေ့ပေးဖို့ အဆိုကို မွန်ပြည်နယ် လွှတ်တော်မှာ ၂၀၁၇ စက်တင်ဘာလက အတည်ပြုနိုင်ခဲ့ပါတယ်။

အဆိုအတည်ပြုခဲ့ပေမယ့် လက်ရှိအချိန်အထိ စက်ရုံတွေကို လူနေရပ်ကွက်တွေနဲ့ ကင်းလွတ်ရာကို အစိုးရက မရွှေ့သေးပါဘူး။

စက်အသံကျယ်လောင်မှု၊ ရေဆိုး စွန့်ပစ်မှုနဲ့ ပတ်သက်ပြီး ဒီနေ့ အစိုးရက လာရောက်စစ်ဆေးရာမှာ ညွှန်ကြားခဲ့တယ်လို့ ရွှေမြန်မာ ရော်ဘာစက်ရုံ မန်နေဂျာ ဦးစိုးဖေက ပြောပါတယ်။

"စက်နဲ့ပတ်သက်ပြီးတော့ ကျယ်လောင်နေတဲ့ အသံတွေကို အသံတိုးပေးဖို့ ရေနဲ့ပတ်သက်ပြီးတော့ အရင်ညွှန်ကြားချက်အတိုင်း သဲဖြူချောင်းထဲကို မလွှတ်ဖို့နဲ့ အဲဒီရေတွေကို ရေသန့်စင်ကန်မှာထည့်ဖို့ အဲဒါကို ဆောင်ရွက်တယ်။ အဲဒါတွေကို ညွှန်ကြားသွားတယ်။"

စက်ရုံက ထွက်ရှိလာတဲ့ရေတွေကို သန့်စင်ကန်ထဲထည့်ပြီး ရေကြည်ဖြစ်သွားတဲ့အခါမှာ စက်ရုံလည်ပတ်ဖို့ ပြန်လည်အသုံးပြုတယ်လို့ ရွှေမြန်မာ ရော်ဘာစက်ရုံ မန်နေဂျာက ပြောပါတယ်။

ရော်ဘာစက်ရုံပတ်ဝန်းကျင်မှာ နေထိုင်နေကြတဲ့ ဒေသခံတွေက အနံ့ဆိုးတွေ ထွက်ရှိနေတဲ့အတွက် ကျန်းမာရေးထိခိုက်နေပြီး အသက်ရှူကြပ်၊ လည်ချောင်းနာနေကြတယ်လို့ ပြောပါတယ်။

ရွှေမြန်မာစက်ရုံအနီးမှာ နေထိုင်တဲ့ ဒေသခံ ဒေါ်ညိမ်တင်းက စက်ရုံကထွက်တဲ့ အနံ့တွေက ဆိုးလွန်းလို့ ည ညဆို အိပ်လို့မရဖြစ်ရတယ်လို့ ပြောပါတယ်။

"ခေါင်းတွေမူး၊ ထမင်းစား မမြိန်ဘူးပေါ့၊ ဖြစ်လာရင် မတိုးမတ မတိုးမတနဲ့ တစ်ခါတလေတော့ လည်းချောင်းတွေ နာတယ်။ အနံ့ရလာရင် အိပ်မပျော်ဘူး။ ဒီနှစ်က အနံ့အများဆုံးပဲ၊ သူတို့အထင် သူတို့ပိတ်ထားတာ အနံ့ မထွက်ဘူး သူတို့ထင်တာပေါ့လေ၊ ဒီနှစ်က အနံ့ တော်တော်ထွက်နေတယ်။ ကျန်းမာရေး မကောင်းတော့ အိမ်မှာ မအိပ်ရဘူး။ အိမ်က အပေါက်နဲ့ တည့်တည့်ဆိုတော့ သူတို့ ခင်းထားတဲ့ သံပြားက ပြောများတော့ ဟိုဘက်လမ်းကအပေါက်ကို သူတို့သွားဖွင့်တယ်။ ညညဆို အနံ့ရလို့ အိမ်မှာ မအိပ်ဘူး။ ဟိုဘက်အိမ်မှာ သွားအိပ်တယ်။ ဟိုဘက်အိမ်လည်း အနံ့ရတာပဲ။"

ရော်ဘာစက်ရုံက ထွက်ရှိလာတဲ့အနံ့ဆိုးတွေကြောင့် ဒေသခံတွေက အသက်ရှူမဝတာ၊ ချောင်းဆိုးတာ၊ ရင်ဘတ်အောင့်တာ၊ မူးဝေတာတွေ ဖြစ်နေလို့ ပြည်နယ်အစိုးရအဖွဲ့ထံ တိုင်ကြားစာ အကြိမ်ကြိမ် ပေးပို့ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။