စက်မှုဇုန်များမှ ကျူးကျော်တဲ အစိုးရ စာရင်းကောက်ယူ


2016.05.16
slum-house-620.jpg ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်က ဖျက်ဆီးခံရတဲ့ ကျူးကျော်နေအိမ်တချို့ကို တွေ့ရစဉ်
Photo: RFA

ရန်ကုန်တိုင်းဒေသကြီးအစိုးရက စက်မှုဇုန်တွေထဲမှာရှိတဲ့ ကျူးကျော်တဲအရေအတွက်တွေကို စာရင်းကောက်ယူနေ ပါတယ်။

အမှန်တကယ် နေထိုင်စရာမရှိသူတွေအတွက် ဘယ်လိုဆောင်ရွက်ပေးမလဲဆိုတာ အစိုးရက အစီအမံတွေ ဆောင်ရွက်နေပြီး နေစရာမရှိတဲ့ အလုပ်သမားတွေအရေးကိုတော့ သက်ဆိုင်ရာ စက်ရုံတာဝန်ရှိ သူတွေက ဆောင်ရွက်ပေးရမှာဖြစ်တယ်လို့ လှိုင်သာယာ စက်မှုဇုန် ဥက္ကဌ ဦးမြတ်သင်းအောင် က ပြောပါတယ်။

"နေစရာမရှိတဲ့သူတွေကို နေရာချပေးဖို့ကတော့ အစိုးရကတာဝန်ယူပြီး လုပ်ပေးမှာပေါ့၊ အလုပ် သမားတွေ နေစရာမရှိတာကတော့ အန်ကယ်တို့ စက်ရုံပိုင်ရှင်တွေက ဖန်တီးပေးရမှာပေ့ါ၊ အစိုးရအနေနဲ့ ဆုံးဖြတ်ပြီးတော့ သူ့အနေနဲ့ အစီအစဉ်တွေဆွဲပြီးလုပ်မှာပေါ့၊ အဓိကကတော့ ဒီကျူးကျော်တွေ နေရေးထိုင်ရေး အတွက် စဉ်းစားနေတဲ့အတွက် အချိန်ကြန့်ကြာနေတာပါ၊ အစိုးရသစ်က တကယ်နေရာပေးမယ်၊ အရင်တုန်း က ပေးမယ်ဆိုတဲ့အသံ မရှိဘူးလေ၊ အခုတော့ ပေးမယ်ဆိုတဲ့အတွက် ကျူးကျော်တွေက ထပ်ထပ်တိုးနေပြီ"

လှိုင်သာယာစက်မှုဇုန်ထဲမှာ ကျူးကျော်တဲ ရှစ်ထောင်ဝန်းကျင်လောက်ရှိနေပါတယ်။

ရန်ကုန်တိုင်းမှာရှိတဲ့ စက်မှုဇုန် ၃၀ ကျော်က ကျူးကျော်တဲအရေအတွက်တွေကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး မှူးတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီအဖွဲ့တွေ အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပါတီဝင်တွေက ပြီးခဲ့တဲ့ဧပြီလကစပြီး စာရင်းတွေ ကောက်ယူနေတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြီးခဲ့တဲ့ ဧပြီလကစက်မှုဇုန် လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံစဉ်မှာ ကျူးကျော်တဲတွေကို ဘူဒိုဇာနဲ့ ထိုးဖျက်ပြီး ရှင်းမှာမဟုတ်ကြောင်း ပြောကြားထားပါတယ်။

စက်မှုဇုန်တာဝန်ရှိသူတွေက စက်မှုဇုန်တွေအတွင်း လျှပ်စစ်မီးလုံလောက်စွာရရှိဖို့၊ ကျူးကျော် နေထိုင်သူတွေ ကို ဖြေရှင်းပေးဖို့နဲ့ ရေရရှိအောင် ဆောင်ရွက်ပေးဖို့တို့ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ တောင်းဆိုထားတာ ဖြစ်ပါတယ်။

ရွှေလင်ဗန်းစက်မှုဇုန် ဥက္ကဌ ဦးအေးသောင်း ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ် မေးမြန်းထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။