တပ်မတော်ငြင်းဆိုထားတဲ့ ကျောက်တော် မီးလောင်နေအိမ်တွေအတွက် ပြည်နယ်အစိုးရ ငွေထောက်ပံ့


2020.04.24

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တင်းမကျေးရွာမှာ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က တပ်မတော်လုံခြုံရေးအဖွဲ့တွေက မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက စွပ်စွဲထားတဲ့ နေအိမ် ၅၀ဝ ကျော်ကို ပြန်ဆောက်နိုင်ဖို့အတွက် ငွေကျပ် သိန်း ၉၀ဝ ကျော်ကို အစိုးရက ဧပြီလ ၂၂ ရက်နေ့က ပေးအပ်ခဲ့တာပါ။

မီးရှို့ခံခဲ့ရတဲ့ နေအိမ်တွေအတွက် အဓိက ထောက်ပံ့ပေးတာလို့ ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဇော်ဌေးက RFA ကို ဒီနေ့ပြောဆိုပါတယ်။

“ကျောက်တော်မြို့နယ် တင်းမကျေးရွာအုပ်စု၊ တင်းမကျေးရွာမှာ လူနေအိမ် ၅၂၈ လုံး မီးလောင်ခဲ့တယ်။ နေအိမ် ၃၉၇ လုံးအတွက်ကို အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ ၇၉၄ သိန်း၊ ပြီးတော့မှ နေအိမ် ၁၃၁ လုံးအတွက်ကို အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေက ၁၃၁ သိန်းနဲ့ စုစုပေါင်း အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ ၉၂၅ သိန်းကို မြောက်ဦးခရိုင်ဘေးစီမံဌာနကနေပြီးတော့ ဧပြီလ ၂၂ ရက်က ကျွန်တော်တို့ထောက်ပံ့ပေးခဲ့ပါတယ်

ဝါးအိမ်ကို တစ်သိန်း၊ သွပ်မိုးပျဉ်ကာအိမ်ကို နှစ်သိန်း၊ တိုက်အိမ်တွေကို နှစ်သိန်းခွဲ စသဖြင့် ဌာနရဲ့ သတ်မှတ်ချက်တွေအတိုင်း ထောက်ပံ့တာလို့ ဆိုပါတယ်။  နေအိမ်တွေ မီးလောင်ဆုံးရှုံးတာတွေအတွက် အခြားတင်ပြလာတာတွေရှိရင်လည်း လုပ်ထုံး လုပ်နည်းတွေနဲ့အညီ ဆက်လက်ထောက်ပံ့နိုင်အောင် ဆောင်ရွက်မယ်လို့ ညွှန်ကြားရေးမှူး ဦးဝင်းဇော်ဌေးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က တင်းမကျေးရွာမှာ ရှိတဲ့နေအိမ်တွေကို တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံ ကျေးရွာသားတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက သတင်းမီဒီယာတွေကို ပြောဆိုခဲ့ကြပါတယ်။

ဒီပြောဆိုချက်နဲ့ပတ်သက်လို့ တင်းမကျေးရွာရဲ့ မြေပြင်အခြေအနေတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်ကြည့်ရှုခဲ့ရာမှာ မီးလောင်ပျက်စီးတာမရှိဘဲ ပုံမှန်အခြေအနေအတိုင်းသာ တွေ့မြင်ရကြောင်းနဲ့ ဒါဟာ တပ်မတော်၊ ပြည်သူနဲ့ အစိုးရတို့အကြား အထင်အမြင်လွဲမှားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ချက်သာ ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီလ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့သလို အစိုးရအာဘော် ရုပ်သံတွေမှာပါ ထုတ်လွှင့်ခဲ့ပါတယ်။

ကျောက်တော်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်း ကတော့ မီးရှို့ခံရတဲ့ အခြားကျေးရွာတွေလည်း ရှိနေပြီး အချက်အလက်တွေ ကောက်ယူနေတယ်လို့ပြောပါတယ်။

“မီးလောင်တဲ့ရွာတွေနဲ့ အိမ်ခြေတွေကို စာရင်းကောက်ရတာက နည်းနည်း အခက်အခဲရှိတယ်။ သွားလာလို့မရတဲ့ အခြေအနေတွေကြောင့်ပေါ့။ အဲဒါကြောင့် ကျွန်တော်တို့ အိမ်ခြေစာရင်း တိတိကျကျကို အကုန်လုံး လွှမ်းခြုံပြီးတော့ပြောဖို့ နည်းနည်းခက်တယ်။ တော်တော်များများ မီးလောင်တာကတော့ ကျွန်တော်တို့ သိရသလောက်ဆိုရင် ပြိုင်းတိုင်းနဲ့ အဲဒီဘက်မှာရှိတဲ့ မုန့်သန်းပြင်တို့ အဲဒီရွာတွေကတော့ တော်တော်များများ လောင်တယ်လို့ ကျွန်တော်တို့ သိရတာပေါ့လေ။ ANP ပါတီက မြို့နယ်မှာရှိတဲ့ မိသားစုတစ်ခုချင်းစီနဲ့ ကျွန်တော်တို့တွေ့ပြီးတော့ အချက်အလက်တွေကို ကျွန်တော်တို့ လိုက်ကောက်နေတယ်။ မိသာစု တစ်ခုချင်းစီမှာ ဘယ်လောက်အထိ ဆုံးရှုံးမှုရှိနေမလဲ အဲဒါတွေကို ကျွန်တော်တို့က စာရင်းတွေ တိတိကျကျပြုစုမယ်။ ပြီးတော့ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေကို ကျွန်တော်တို့ တင်ပြသွားမယ်”

ပြိုင်းတိုင်း၊ မုန့်သန်းပြင်ရွာတွေမှာလည်း မတ်လ တတိယပတ်က တပ်မတော်လေယာဉ်တွေပေါ်ကနေ ပစ်ချတဲ့ လက်နက်ကြီးတွေ၊ အမြောက်ကြီးတွေကြောင့် နေအိမ် ၁၅၀ ထက်မနည်း မီးလောင်ဆုံးရှုံးသွားတယ်လို့ ကျေးရွာသားတွေက မတ်လ ၃၀ ရက်နေ့က စစ်တွေမြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောဆိုခဲ့ကြပါတယ်။

နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့ရတဲ့ တင်းမကျေးရွာသားတွေဟာ ကျောက်တော်မြို့ပေါ်မှာ ရွာလုံးကျွတ် ထွက်ပြေးခိုလှုံနေကြရပါတယ်။ ရွာကိုပြန်ရင် လုံခြုံရေး အာမခံချက်မရှိတာကြောင့် အစိုးရဆီကပေးထားတဲ့ ငွေကြေးတွေနဲ့ ရွာမှာ အိမ်ပြန်ဆောက်ပြီး နေမလားဆိုတာကတော့ မသေချာသေးဘူးလို့ တင်းမကျေးရွာသား တစ်ဦးဖြစ်တဲ့ ကိုညီပုကပြောပါတယ်။

“အိမ်ဆောက်မယ်ဆိုရင်လည်း ရွာမှာပဲ ဆောက်ချင်တာပေါ့။ ဒါပေမဲ့ ရွာမှာ အိမ်ဆောက်ပြီးနေဖို့အတွက် ကျွန်တော်တို့အတွက် လုံခြုံမှုမရှိဘူးလေ။ အဲဒီမှာသူတို့ တပ်မတော်ကနေပြီး ဝင်ချင်တဲ့အချိန် ဝင်လာမယ်။ ဖမ်းချင်တဲ့အချိန် ဖမ်းမယ်ဆိုတော့ ကျွန်တော်တို့ ဘယ်လိုလုပ်သွားပြီးတော့ နေရဲမလဲ။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ပြည်သူတွေကို တာဝန်ယူတဲ့ အစိုးရတစ်ရပ်အနေနဲ့ ကျွန်တော်တို့ အသက်အန္တရာယ် လုံခြုံမှုရှိအောင် တာဝန်ယူပေးနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ ရွာမှာပဲပြန်ပြီးတော့ အခြေချဖို့ စိတ်ဆုံးဖြတ်ထားပါတယ်ခင်ဗျ”

ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဇော်ဌေးကတော့ နေအိမ်ကို ဘယ်မှာဆောက်မလဲဆိုတာ သီးခြားကိစ္စတစ်ရပ်ဖြစ်သာဖြစ်ပြီး အခုက မီးလောင်သွားတဲ့အိမ်တွေအတွက် ကူညီထောက်ပံ့ခြင်းသာဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို တပ်မတော်က ငြင်းချက်ထုတ်ထားတဲ့ မီးလောင်နေအိမ်တွေကို ပြည်နယ်အစိုးရက ငွေကြေးထောက်ပံ့တဲ့ ကိစ္စ၊ ဒေသခံတွေက တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မီးရှို့တာ၊ လေကြောင်းက ပစ်ခတ်မှုတွေကြောင့် မီးလောင်တာဖြစ်ကြောင်း ပြောဆိုစွပ်စွဲကြတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ တပ်မတော်ဘက် တုံ့ပြန်ပြောဆိုချက်ရဖို့ RFA က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အခုအချိန်အထိ ဆက်သွယ်လို့ မရသေးပါဘူး။

ကျောက်တော်နဲ့ ပလက်ဝမြို့နယ်အစပ်နားမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကနေ စတင်ခဲ့တဲ့ ရက္ခိုင့်တပ်တော်(AA)နဲ့ တပ်မတော်တို့ရဲ့ ရက်ပေါင်း ၄၀ ကျော်ကြာတိုက်ပွဲမှာ အရပ်သား အများအပြားသေဆုံးခဲ့ပြီး နေအိမ်အများအပြားလည်း မီးရှို့ခံခဲ့ရတာပါ။

အဲဒီဒေသက ဒေသခံ ၈၀ဝ၀ ကျော်ဟာလည်း ကျောက်တော်မြို့ပေါ်မှာ ဒီနေ့အထိ ထွက်ပြေးခိုလှုံနေကြရဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။