အပစ်မရပ်သေးတဲ့ အဖွဲ့တွေ နဲ့ ဆွေးနွေးဖို့ အစိုးရကိုယ်စားလှယ် အဖွဲ့ ထိုင်းရောက်ရှိ
2016.06.02

အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံဆွေးနွေးဖို့ သမ္မတ ဦးထင်ကျော် အစိုးရဖွဲ့စည်းခဲ့တဲ့ “ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၂)” အဖွဲ့ဟာ ဒီကနေ့မွန်းလွဲပိုင်းမှာ ထိုင်းနိုင်ငံ ချင်းမိုင်လေဆိပ် ကို ရောက်ရှိသွားခဲ့ပါတယ်။
အဲ့ဒီအဖွဲ့ရဲ့ ဥက္ကဌ ဖြစ်တဲ့ ဒေါက်တာတင်မျိုးဝင်းနဲ့အတူ အဖွဲ့အတွင်းရေးမှူး ဦးလှမောင်ရွှေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ဦးမိုးဇော်ဦး (နိုင်ငံတော်အတိုင်ပင်ခံရုံး)နဲ့ ရုံးအဖွဲ့မှူး ဦးကျော်လင်းဦး တို့ပါဝင်ပြီး မနက်ဖြန် ဇွန်လ ၃ ရက်နေ့မှာ UNFC က ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေး ကြမယ်လို့ သိရပါတယ်။
ဒါဟာ အစိုးရသစ်နဲ့ အပစ်မရပ်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ပထမဆုံးတွေ့ဆုံဆွေးနွေး မှုဖြစ်ပါတယ်။
ဆွေးနွေးမယ့် အကြောင်းအရာနဲ့ ပတ်သက်ပြီး အဖွဲ့ အတွင်းရေးမှူး ဦးလှမောင်ရွှေ က “အဓိကကတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ ပါဝင်နိုင်ဖို့အတွက် သူတို့ကို ကျနော်တို့ရှိနေတဲ့ အခင်း အကျင်းတွေ၊ နည်းလမ်းတွေ၊ ဖြစ်နိုင်တာတွေကို ရှင်းပြပြီးတော့ သူတို့ဘက်က အဆိုပြုတာတွေကို ဆွေးနွေးဖို့ပါပဲ” လို့ ပြောဆိုကြောင်း ဧရာဝတီသတင်းဌာနက ဖေါ်ပြထားပါတယ်။