နိုင်ငံ့ဝန်ထမ်း လစာ၊ ပင်စင်တိုးမြှင့်ရေး လွှတ်တော် ဆွေးနွေးမည်
2014.03.21

နိုင်ငံဝန်ထမ်းတွေရဲ့ လက်ရှိလစာငွေကို ကျပ်၂ သောင်း တိုးမြင့်ပေးမယ့်အပြင် ပင်စင်လစာတွေကိုလည်း အချိုးကျ တိုးမြင့်ပေးမယ့် ဥပဒေကြမ်းကို ဘဏ္ဍာရေးနဲ့ ပြည်ထောင် စုဝန်ကြီး ဦးဝင်းရှိန်က ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
အဲဒီဥပဒေကြမ်းအအရ နိုင်ငံ့ဝန်ထမ်းတွေဟာ လာမယ့် ဧပြီလ (၁) နေ့ကနေစပြီး လစာငွေ ၂ သောင်းတိုးမြင့် ရရှိမှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က လွှတ်တော်မှာ အခုလိုပြောကြားခဲ့ပါတယ်။
"နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတော်ရဲ့ GDP တိုးတက်မှု အခြေအနေ၊ စီးပွားရေး တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု အလားအလာ၊ ငွေဖောင်းပွမှု အခြေအနေ၊ နိုင်ငံတော်ရဲ့ ရငွေသုံးငွေရရှိမှုနဲ့ သုံးစွဲမှုအနေအထား ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးသက်ရောက်မှုတွေကို ချင့်ချိန်ပြီးတော့ နိုင်ငံတော်ရဲ့တာဝန်ကို ထမ်းဆောင်နေကြရတဲ့ နိုင်ငံ့ဝန်ထမ်းများရဲ့ လစာနှုန်းထားများကို ခေတ်ကာလနဲ့လျော်ညီစွာ တိုးမြင့်ပေးရန် ရည်ရွယ်ထားတဲ့အတိုင်း ခု ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍရေးနှစ်မှာလည်း ၂ဝ၁၄ ဧပြီလ ၁ ရက်နေ့ကစပြီး နိုင်ငံ့ ဝန်ထမ်းများရဲ့ လစာနှုန်းထားများကို ကျပ်နှစ်သောင်းစီ တိုးမြင့်ပေးရန်နဲ့ ပင်စင်လစာနဲ့ ဆုကြေးတွေကို အချိုးကျတိုးမြှင့်ပေးရန် ထည့်သွင်းလျာထားပါကြောင်း တင်ပြအပ်ပါသည်"
သမ္မတ ဦးသိန်းစိန်အစိုးရ တာဝန်ယူတဲ့ကာလအတွင်း နိုင်ငံ့ဝန်ထမ်းတွေကို လစာငွေတိုးပေးတာဟာ အခုအကြိမ်နဲ့ဆိုရင် ၃ ကြိမ်ရှိပြီဖြစ်သလို ပြီးခဲ့တဲ့ နှစ်ကလည်း နိုင်ငံဝန်ထမ်းတွေကို ထောက်ပံကြေးအဖြစ် တစ်လကို ၂ သောင်းတိုးပေးခဲ့ပါတယ်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း ဝင်ငွေအဖြစ် ကျပ်ငွေ ဘီယီယံ ၁၆ သန်းကျော်ရရှိမှာဖြစ်ပြီး ကျပ်ငွေ ဘီလီယံ ၁၉ သန်းကျော်သုံးစွဲဖို့ လျာထားခဲ့တာကြောင့် ကျပ်ငွေ ဘီလီယံ ၂ သန်းကျော် လိုငွေပြနေတယ်လို့လည်း သိရပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မဇင်မာဝင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။