ဘားအံ ဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်း


2014.01.15
laiza-conference-second-day-305.jpg ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ အောက်တိုဘာလ ၃ဝ ရက်နေ့က စတင်ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ညီလာခံ ဒုတိယနေ့ ကို မြင်ရစဉ်
photo: RFA/ Sai Htun Aung Lwin

ကရင်ပြည်နယ် ဘားအံမြို့မှာ လာမယ့် ဇန်နဝါရီလ ၂၅ ရက်နေ့ကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကို ဖေဖော်ဝါရီ လဆန်းပိုင်းကို ရွှေ့ဆိုင်းလိုက်တယ် လို့ မြန်မာငြိမ်းချမ်းရေးစင်တာက RFA ကို ပြော ပါတယ်။

လာမယ့် ဇန်နဝါရီလ ၂၀ ကနေ ၂၂ ရက်နေ့အထိ ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူနယ်မြေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အရင်တွေ့ဆုံပြီး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲအပြီးမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ တိုင်းရင်းသား လက်နက် ကိုင်ခေါင်းဆောင်တွေ အလွတ်သဘောဆွေးနွေး ကြဦးမှာ ဖြစ်တဲ့အတွက် ရက်ရွှေ့ဆိုင်းလိုက်ရတာဖြစ် တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာ အကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။

"ဝန်ကြီးဦးအောင်မင်းနဲ့ တစ်ဘက်က တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဆွေးနွေးနေတာက ဘားအံဆွေးနွေးပွဲက လက်မှတ်ရေးထိုးဖို့ အချက်အလက်အားလုံးကို ပြင်ဆင်တဲ့ နောက်ဆုံးအစည်းအဝေးဖြစ်ဖို့က နှစ်ဘက်စလုံးကတော့ ဆန္ဒရှိတယ်လေ၊ နှစ်ဘက်လုံးသဘောတူတယ်၊ လေးဝါးပွဲပြီးရင် ဘားအံကိုလာမယ့်အစားပေါ့လေ၊ ဝန်ကြီးဦးအောင်မင်းနဲ့ ကြိုတင်ပြင်ဆင်တဲ့ အစည်းအဝေးတွေ အရင်လုပ်လိုတယ်၊ ဘားအံမှာ ဖေဖော်ဝါရီလ ပထမပါတ် ဒုတိယပါတ်လောက်တော့ ဦးအောင်မင်းနဲ့ သူတို့နဲ့ တွေ့ဆုံညှိနှိုင်းပြီး ထုတ်ပြန်မယ်ထင်ပါတယ်"

ကေအဲန်ယူ ထိန်းချုပ်နယ်မြေ လေးဝါးစခန်းမှာကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ဆွေးနွေးပွဲမှာ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့အတွက် တိုင်းရင်းသားတွေဘက်က ဘုံသဘောထားကို ရယူကြမှာဖြစ်ပါတယ်။

ကရင်ပြည်နယ် ဘားအံဆွေးနွေးပွဲဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့အတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ နှစ်ဘက်နောက်ဆုံးဆွေးနွေးပွဲ ဖြစ်တယ်လို့လည်း ဦးလှမောင်ရွှေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာငြိမ်းချမ်းရေးစင်တာအကြံပေး ဦးလှမောင်ရွှေကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။