တိုင်းရင်းသားအဖွဲ့များဆွေးနွေး ပွဲ မြစ်ကြီးနားမြို့မှာ ပြီးဆုံး
2013.11.05

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျင်းပနေ တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲ ဒီနေ့ ပြီးဆုံးသွားပြီး လာမယ့်ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ် ဘားအံမြို့မှာ ထပ်မံဆွေးနွေးကြမယ်လို့ သိရပါတယ်။
ဒီနေ့ဆွေးနွေးပွဲအပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပရေးနဲ့ အဲဒီလိုကျင်းပနိုင်ဖို့အတွက် မူဘောင်တွေချမှတ်ရေး စတာတွေပါဝင်တဲ့ အချက် ၆ ချက်ပါ ပူးတွဲကြေငြာချက်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့က တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီချက်နဲ့ ဒီနေ့ မြစ်ကြီးနားမှာ ထုတ်ပြန်တဲ့အချက်တွေကို ဌာနချုပ်ကခေါင်းဆောင်တွေထံ တင်ပြသွားမှာဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အဖွဲ့ကိုယ်စားလှယ် ဗိုလ်မှူး စိုင်းလက ပြောပါတယ်။
မနေ့ကစတင်ခဲ့တဲ့ အဲဒီဆွေးနွေးပွဲကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ Vijay Nambiar၊ အာရှဒေသဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဝမ်ယီဖန်းတို့လည်း လေ့လာသူတွေအဖြစ် တက်ရောက်ခဲ့ပါတယ်။
ဒီဆွေးနွေးပွဲအကြောင်း RFA သတင်းထောက် ကိုကျော်မျိုးမင်း တင်ပြထားတာကို နားဆင်နိုင်ပါတယ်။