တပ်မတော်က တိုက်ခိုက်သွားမည် လို့ ပြော
2016.11.20

ကချင်လွတ်မြောက်ရေးအဖွဲ့ KIA၊ တအာင်းပလောင်အဖွဲ့TNLA၊နဲ့ ကိုးကန့် အဖွဲ့ MNDAA တို့ကို အစိုးရ တပ်မတော်က တိုက်ခိုက်သွားမယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
ဒီကနေ့ မူဆယ် ၊ ကွတ်ခိုင် ၊ ကြူကုတ် (ပန်ဆိုင်း) နယ်မြေတွေကို KIO ၊ TNLA နဲ့ MNDAA အဖွဲ့တွေက တိုက်ခိုက်တဲ့အပေါ် အစိုးရရဲ့ သဘောထားကို မေးမြန်း ရာမှာ ဦးဇော်ဌေးက အခုလို ပြောပါတယ်။
"တပ်မတော်စစ်ကြောင်းတွေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က နံပါတ်တစ်အနေနဲ့ စခန်းကုန်းတွေကို ကာကွယ်ဖို့၊ နံပါတ် ၂ ကတော့ အရပ်သား ပစ်မှတ်တွေ၊ ဒီလိုမျိုးတွေဖြစ်လာတာကိုတော့ စစ်ရေးအရတုန့်ပြန်ဆောင် ရွက်သွားရမှာဖြစ်ပါတယ်၊ တိုက်ခိုက်လာတဲ့ ကချင်ရယ်၊ TNLA ရယ်၊ MNDAA ဒီအဖွဲ့တွေကို လိုက်လံတိုက် ခိုက်ဖို့၊ နံပါတ် ၃ အချက်ကတော့ ကျနော်တို့ဒီဒေသတွင်းမှာရှိတဲ့ ပြည်သူတွေမထိခိုက်အောင် ကာကွယ်ဖို့ ဒီ ၃ ချက်နဲ့ ဆောင်ရွက်နေ တာဖြစ်ပါတယ်"
အခုလို တိုက်ခိုက်မှုတွေ လုပ်လာတာဟာ ငြိမ်းချမ်းရေးကို ဖျက်လိုဖျက်ဆီးလုပ်ရာကျတယ်လို့ လည်းပြောပါတယ်။
တရုတ်မြန်မာနယ်စပ်အနီး မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း၊ ကွတ်ခိုင်မြို့နယ်တွေက အစိုးရ တပ်နဲ့ ရဲစခန်းတွေကို ဒီနေ့ မနက်ပိုင်းက ကချင် လွတ်မြောက်ရေးတပ် KIA/KIO၊ တအာင်းပလောင် အဖွဲ့TNLAနဲ့ ကိုးကန့်အဖွဲ့ MNDAA တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။
တပ်မတော် သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်အောင်ရဲဝင်း က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက စီမံချက်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလပထမပတ်က တရုတ်နိုင်ငံမှာ MNDAA ကိုးကန့်အဖွဲ့က ဖုန်တာရွှင်နဲ့ KIA ၊ TNLA အဖွဲ့က ခေါင်းဆောင်တချို့ဟာ စစ်ရေးလှုပ်ရှားမူတွေလုပ်ဖို့ လျှို့ဝှက်တွေ့ဆုံခဲ့ပြီး ဒီနေ့ မနက်ပိုင်း က ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာ တိုက်ခိုက်ခဲ့တာလို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အတိုက်ခံရတဲ့ နေရာတွေက မူဆယ်မြို့အဝင် လုံခြုံရေးရဲစခန်း ၊ မူဆယ်မြို့နဲ့ ကွတ်ခိုင်မြို့ကြားက ကွန်ကရစ်တံတားကို ဖောက်ခွဲဖျက်စီးခံခဲ့ရကြောင်း ၊ မုန်းကိုး မြို့နယ်နဲ့ ကြူကုတ် ( ပန်ဆိုင်း ) ဒေသက တပ်မတော် စခန်းစတဲ့နေရာတွေဖြစ်ပါတယ်။