မြိုင်ကြီးငူက စစ်ဘေးဒုက္ခသည်တွေကို အစိုးရ အကူအညီပေး
2016.09.13

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မဲသဝေါဒေသမှာ နယ်ခြားစောင့်တပ် BGF နဲ့ DKBA ခွဲထွက်အဖွဲ့တို့ စစ်ရေးတင်းမာမှုတွေကြောင့် မြိုင်ကြီးငူဒေသကို ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ဘေးဒုက္ခသည်တွေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ ပြည်နယ်အစိုးရတို့ ပူးပေါင်းပြီး အစားအသောက်နဲ့ အသုံးအဆောင်တွေ ဒီနေ့ သွားရောက်လှူဒါန်းခဲ့ပါတယ်။
ဒုက္ခသည်တွေ လိုအပ်တာတွေကို တစ်အိမ်ထောင်ချင်းစီအတွက် လှူဒါန်းတာဖြစ်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
"စက်သုံးဆီတို့ လိုအပ်တဲ့ကိစ္စတွေကို ပြည်နယ်အစိုးရက ထောက်ပံ့တယ်။ ကျနော်တို့က ရိက္ခာထောက်ပံ့တယ်။ ပစ္စည်း ၉မျိုး ထောက်ပံ့တယ်။ အခြေအနေအရထပ်လိုရင် ကျနော်တို့လည်း ထပ်ပြီးထောက်ပံ့မယ်။ ပြည်နယ်အစိုးရလည်းထောက်ပံ့မယ် ကရင်ပြည်နယ်အစိုးရနဲ့ ကျနော် တို့ပြည်ထောင်စုအစိုးရတို့ ပူးပေါင်းပြီး ဆက်လက်ထောက်ပံ့ဖို့ရှိတယ်"
အိမ်ထောင်စုတစ်စုအတွက် ၅ ရက်စာ ဆန်နဲ့ဆီ စတဲ့ အခြေခံစားသောက်ကုန်တွေနဲ့ အဝတ်အထည်၊ မိုးကာ စတဲ့ ပစ္စည်း ၉ မျိုးကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။
မြိုင်ကြီးငူဆရာတော်က စစ်ရေးတင်းမာနေတဲ့ မဲသဝေါဒေသက ကျေးရွာ ၂၀ကျော်မှာရှိတဲ့ လူဦးရေ ၃၈၀၀ ကျော်ကို မြိုင်ကြီးငူဒေသကို ခေါ်ဆောင်ထားတာဖြစ်ပါတယ်။
မြိုင်ကြီးငူဒေသမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေနဲ့ ဓမ္မာရုံတွေမှာ စစ်ဘေးဒုက္ခသည်တွေကို နေရာချထားပေးပါတယ်။
အဲဒီစစ်ဘေးဒုက္ခသည်တွေကို မြိုင်ကြီးငူဆရာတော်နဲ့ အရပ်ဘက်အဖွဲ့တွေ၊ ဌာနဆိုင်ရာတွေက နေထိုင်ရေးနဲ့ ကျန်းမာရေးအတွက် ကူညီဆောင်ရွက်ပေးနေပါတယ်။