ဆွမ်ပရာဘွမ်မြို့နယ်ထဲ မှာ ကေအိုင်အေနဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွား


2015.07.11
kia-soliders-620.jpg လုံခြုံရေးယူထားသည့် KIA စစ်သားတချို့ကို တွေ့မြင်ရစဉ်။
Photo: RFA

မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ် ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ်ထဲမှာ ကေအိုင်အေတပ်မဟာ ၁ လက်အောက်ခံတပ်ရင်း ၇ နဲ့ အစိုးရတပ်တွေအကြား ဒီနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားလို့ ကေအိုင်အေ ရဲ့ ရှေ့တန်းစခန်းငယ်တစ်ခု ဆုတ်ခွာပေးလိုက်ရတယ်လို့ သိရှိရပါတယ်။

အစိုးရဘက်က တိုက်လေယာဉ်တစ်စီးအသုံးပြုပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးဆန်းအောင်က RFA ကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ မလိခမြစ်အနောက်ဘက်ကမ်း ဆွမ်ပရာဘွမ်မြို့ရဲ့ အရှေ့ဘက် ၁ဝ မိုင် ကျော်အကွာ မလိယန်ကျေးရ့ွာနားမှာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်ဘက်တပ်တာဝန်ရှိသူတွေထံက သီးခြားအတည်ပြုချက် မရရှိသေးပါဘူး။

ပြီးခဲ့တဲ့လအတွင်းကလည်း မလိယန်ကျေးရွာအနီးမှာ အစိုးရနဲ့ကေအိုင်အေတပ် တွေအကြားတိုက်ပွဲ ဖြစ်ပွားခဲ့ ပါတယ်။

ဒီအတောအတွင်း မိုးကောင်း-ဖားကန့်လမ်းပေါ် ကာမိုင်းမြို့အနီး ကထန်ယန်ကျေးရွာအနီးမှာ အစိုးရ နဲ့ ကေအိုင်အေတပ်တွေအကြား မနေ့က တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်းမှာ ဖားကန့်ဘက်ကနေ မိုးကောင်းဘက်ဆင်းလာတဲ့ ရဲတပ်ရင်း ၁၄ ဟာ ကေအိုင်အေတပ်ရင်း ၆ ရဲ့တိုက်ခိုက်မှုကိုခံရပြီး ရဲတပ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

အစိုးရဒေသအာဏာပိုင်တွေနဲ့ ကေအိုင်အေတပ်ရင်း ၆ တပ်ရင်းမှူးတို့က ပစ်ခတ်မှုဖြစ်ပွားခဲ့တာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုပေမယ့် အသေးစိတ်ကိုတော့ စိစစ်နေဆဲလို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။