မောင်တော နောက်ဆက်တွဲ သတင်း အစိုးရ ထုတ်ပြန်ချက်
2016.11.18

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ မနေ့က မသင်္ကာဖွယ်ရာ ရွာသား ၁၄ ယောက်ကို ဖမ်းဆီးရမိထားတယ် လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးရမိထားသူတွေ ဟာ မောင်တောမြို့နယ် သက်ကိုင်ည၊ ဝက်ပြင်နဲ့ ပွင့်ဖြူချောင်းကျေးရွာတွေက ဖြစ်ပါတယ်။
နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း အကြမ်းဖက်မှုမှာ ပါဝင်တယ်လို့ သံသယရှိသူ ၅၉ ယောက်ကို ဖမ်းဆီးရမိတဲ့ အတွက် အရင်က ထုတ်ပြန်တဲ့ ဖမ်းဆီးမိထားသူ စာရင်းက ၃၀၂ ယောက်ရှိတဲ့အတွက် စုစုပေါင်း ၃၁၆ ယောက် ဖမ်းဆီးထားတာ ဖြစ်ပြီး သေဆုံးသူ အရေအတွက်က ၆၉ ဦးဖြစ်ပါတယ်။
နယ်မြေရှင်းလင်းရေးမှာ ကျဆုံးသွားတဲ့ တပ်မတော်သား ၇ ဦး၊ ဒဏ်ရာရသူ ၅ ဦးနဲ့ ရဲတပ်ဖွဲ့က ကျဆုံးသူ ၁ဝ ဦး၊ ဒဏ်ရာရသူ ၇ ဦးရှိကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။
တဘက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို နတ်မြစ်ကိုဖြတ်ပြီး ဒေသခံမွတ်စလင် ကျေးရွာသား ၂၀၀ လောက် ထွက်ပြေးတယ် ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရ်ှနယ်ခြားစောင့်တပ်က အရာရှိ ၂ ဦးကို မေးမြန်းရာမှာ အဲဒီလို ဖြစ်ခဲ့တာ မရှိကြောင်း ပြောတယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် မောင်တောမြို့နယ် မြင်းလွတ်ကျေးရွာမှာ နေထိုင်ကြတဲ့ ကျောင်းဆရာ ဆရာမတွေရဲ့ အဆောင် မီးရှို့ခံရတဲ့အကြောင်းနဲ့ တောင်ပြိုလက်ဝဲကျေးရွာမှာ လက်နက်တွေရှိရင် နယ်ခြားစောင့်ရဲစခန်းမှာ လာရောက် အပ်နှံကြဖို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က ကြေညာထားပါတယ်။
မောင်တောမြို့နယ် မြောက်ပိုင်းမှာ မငြိမ်သက်မှုတွေကြောင့် ဘူးသီးတောင်မြို့ပေါ်ကို ဒီကနေ့ ရောက်ရှိလာတဲ့ ရခိုင်တိုင်းရင်းသား ဒေသခံ ၈၀ လောက်အထိ ရှိနေကြောင်း ဘူးသီးတောင်မြို့ အရေးပေါ်ကူညီထောက်ပံ့ရေး ဦးဆောင်ကော်မတီက ပြောပါတယ်။
တိမ်းရှောင်လာသူတွေဟာ မငြိမ်မသက်ဖြစ်နေတဲ့ ကျေးရွာတွေနားက ဒေသခံ ရခိုင်တိုင်းရင်းသားတွေဖြစ်ပြီး အခြေအနေ မတည်ငြိမ်တာကြောင့် အလုပ်အကိုင်ခက်ခဲကာ စားဝတ်နေရေး ကျပ်တည်းလာတဲ့အတွက် မြို့ပေါ်ကို ရှောင်တိမ်းလာတာဖြစ်တယ်လို့ သိရပါတယ်။