အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ကို အစိုးရလက်မခံသေး
2015.06.23

အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး ဆွေးနွေးနိုင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဘက်က အသစ်ဖွဲ့စည်း လိုက်တဲ့ "တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့" ကို အစိုးရဘက် က လက်မခံသေးကြောင်း တိုင်းရင်းသားကိုယ်စားလှယ်တွေက ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို့ Green Hill ဟိုတယ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ NCCT အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးနိုင်ဟံသာက ပြောခဲ့တာပါ။
"သူတို့ကတော့ အခုလို အဖွဲ့သစ်ဖွဲ့လိုက်တဲ့အပေါ်မှာ အမြင်မရှင်းဘူး၊ ဘာကြောင့်ဖွဲ့လဲ အရင် NCCT အနေနဲ့ ဆက်ဆွေးနွေးရင် သူတို့အတွက် ပြဿနာမရှိဘူး၊ အခုလို အဖွဲ့သစ်ဖွဲ့လိုက်တဲ့အခါမှာတော့ သူတို့အထက် ကခေါင်းဆောင်တွေ အမြင်မရှင်းဘူး၊ လက်ခံသင့်၊ မသင့်ဆိုတာ အဆုံးအဖြတ်မပေးနိုင်သေးဘူး၊ ဆိုပြီးတော့ အဲ့ဒါပြောတယ်"
အစိုးရနဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စား NCCT ခေါ် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့က တာဝန်ယူခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးကျင်းပခဲ့တဲ့ ကရင်ပြည်နယ် လော်ခီးလာညီလာခံကနေ နောက်ထပ် ကိုယ်စားလှယ်အဖွဲ့အသစ်ကို ဖွဲ့စည်းခဲ့ပြီး အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အဖြစ် အစိုးရနဲ့ ဆက်လက်ဆွေးနွေးဖို့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
အဲဒီ့အဖွဲ့မှာ အဖွဲ့ခေါင်းဆောင်တွေက KNU ဒုတိယဥက္ကဌ နော်စီဖိုးရာစိန်၊ KIO အထွေထွေအတွင်းရေး မှူး ဒေါက်တာလဂျာ၊ CNF အထွေထွေအတွင်းရေးမှူးချုပ် ပူးဇင်ကျုံး တို့ဖြစ်ပြီး အဖွဲ့ဝင်တွေအဖြစ် ဦးနိုင်ဟံသာ၊ ဗိုလ်ချုပ်ဂွမ်မော်၊ စောမြရာဇာလင်း၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ စတဲ့ ၁၂ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
ဒါ့အပြင် လော်ခီးလာညီလာခံကနေ ပြင်ဆင်ဖြည့်စွက်လိုက်တဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ်မူကြမ်းကို အစိုးရက လက်မခံဘဲ ပြီးခဲ့တဲ့မတ်လ ၃၁ ရက်နေ့ က နိုင်ငံတော်သမ္မတကိုယ်တိုင် ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ NCA မူကြမ်း အတိုင်းသာထားရှိလိုတဲ့ ဆန္ဒရှိတယ်လို့လည်း ဦးနိုင်ဟံသာက ပြောပါတယ်။