ကျိုင်းတုံနဲ့ မြစ်ကြီးနားမှာ တွေ့ဖို့ မြောက်ပိုင်းအဖွဲ့တွေကို အစိုးရ ကမ်းလှမ်း

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်နိုင်ရေး ဆွေးနွေးဖို့ အစိုးရက ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တို့မှာ တွေ့ဆုံမယ်လို့ အဆိုပြုထား ပေမယ့် တိုင်းရင်းသားတွေဘက်ကတော့ အကြောင်းပြန်တာမရှိသေးဘူးလို့ ကြားခံအဖွဲ့ဖြစ်တဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွန်ဂျာက RFA ကို ဒီနေ့ပြောပါတယ်။
ပဏာမ အပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်းကို အစိုးရက ဒီဇင်ဘာလထဲမှာ မြောက်ပိုင်းအဖွဲ့တွေထံ ပေးပို့ထားပြီး တွေ့မယ့်နေရာကိုတော့ ဒီဇင်ဘာလ ၁၆ ရက်နေ့ကတည်းက အဆိုပြုထားတာလို့ သိရပါတယ်။
တပ်မတော်နဲ့ အစိုးရက မြောက်ပိုင်းမဟာမိတ်အဖွဲ့ တွေနဲ့ တွေ့ဆုံဖို့ အကြောင်းကြားထားတာ မှန်ကန်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က RFA ကို ဇန်နဝါရီလ ၁ ရက်နေ့က ပြောပါတယ်။ အစိုးရက အဆိုပြုထားတဲ့နေရာတွေကို မြောက်ပိုင်းအဖွဲ့တွေရဲ့ သဘောထား ဘယ်လိုရှိလဲ ဆိုတာကိုတော့ RFA က ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေထဲက ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလမှာ အွန်လိုင်းကတစ်ကြိမ်၊ ဒီဇင်ဘာလမှာ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်နယ်မြေ ပန်ဆန်းမြို့မှာ တစ်ကြိမ် တွေ့ဆုံခဲ့ပါတယ်။
ရက္ခိုင့်တပ်တော် AA၊ တအာင်းအဖွဲ့ (PSLF/TNLA) နဲ့ ကိုးကန့် (MNTJP/MNDAA) တို့က ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ နှစ်လတာ အပစ်ရပ်ထားမယ်လို့ ဇန်နဝါရီ ၁ ရက် ကြေညာထားပါတယ်။
တပ်မတော်ကတော့ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရှိတဲ့ ဒေသတွေကလွဲလို့ ကျန်ဒေသတွေမှာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ဇန်နဝါရီ တစ်လ ရပ်ဆိုင်းထားမယ်လို့ ဒီဇင်ဘာ ၃၁ ရက်က ထုတ်ပြန်ထားပါတယ်။