ဆရာဝန် တစ်ထောင်ကျော်ကို နံမည်ပျက်စာရင်းက ပယ်ဖျက်
2013.10.10
နိုင်ငံရေး၊ လူမှုရေး အကြောင်းအမျိုးမျိုးနဲ့ နံမည်ပျက်စာရင်း Black List ထည့်သွင်းပြီး ကန့်သတ်ထားခဲ့တဲ့ ဆရာဝန်တစ်ထောင်ကျော်ကို နာမည်ပျက်စာရင်းကနေ အစိုးရက ပယ်ဖျက်ပေးလိုက်ပါတယ်။
အောက်တိုဘာ ၁၀ ရက်နေ့ နေ့စွဲနဲ့ သမ္မတရုံးက ထုတ်ပြန်လိုက်တဲ့ အဲဒီကြေညာချက်ထဲမှာ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ အခုလိုပယ်ဖျက်လိုက်တာဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနက နာမည်ပျက် Black List သတ်မှတ်ထားသူတွေထဲက ဆရာဝန် ၁ဝ၁ဝ ဦးကို အဲဒီစာရင်းထဲကနေ ပယ်ဖျက်ပေးလိုက်တယ်လို့ ဖော်ပြထားပါတယ်။
ဒီအထဲမှာ ပညာတော်သင်သွားရာမှာ ပြန်မလာသူတွေ၊ လုပ်သက် ကတိကဝတ်သက်တမ်းမကုန်ခင် လျှော်ကြေးပေးအလုပ်ထွက်သွားတဲ့အတွက် အရေးယူခံရသူတွေနဲ့၊ နိုင်ငံရေး လုပ်ဆောင်ချက်တွေကြောင့် အရေးယူခံရပြီး ဆေးကုသခွင့်လက်မှတ် အသိမ်းခံထားရသူတွေ ပါဝင်ပါတယ်။