ဖိနပ်စက်ရုံအလုပ်သမားတွေနဲ့ တိုင်းဝန်ကြီး တေ့ွဆုံ


2018.10.22
greatwall-workers-622.jpg လုပ်ခလစာနဲ့ နစ်နာကြေးမရဘဲ အလုပ်ကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ဂရိတ်ဝဲလ် ဖိနပ်စက်ရုံ အလုပ်သမားတွေကို ၂၀၁၈၊ အောက်တိုဘာ ၂၂ ရက်နေ့က ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးရှေ့မှာ တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

လုပ်ခလစာနဲ့ နစ်နာကြေးမရဘဲ အလုပ်ကနေ ထုတ်ပယ်ခံလိုက်ရတဲ့ လှိုင်သာယာစက်မှုဇုန်က ဂရိတ်ဝဲလ် ဖိနပ်စက်ရုံ အလုပ်သမား ၇၅ ဦးဟာ သူတို့ပြဿနာကို ဖြေရှင်းပေးဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးရှေ့မှာ ဒီနေ့ တောင်းဆိုရာ တိုင်းအစိုးရအဖွဲ့ဝင် ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က အလုပ်သမား ကိုယ်စားလှယ် ၅ ဦးနဲ့ သီးသန့်တွေ့ဆုံဆွေးနွေးနေပါတယ်။

အဲဒီစက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး ၂၀၀၇ ခုနှစ်လောက်ကတည်းက စက်ရုံတည်ကာ ဥရောပနိုင်ငံတွေကို ဖိနပ်တွေ တင်ပို့နေတာဖြစ်တယ်လို့ သိရပါတယ်။

ဇူလိုင်လကစပြီး အလုပ်သမား ၂၁ ဦးကို တစ်လစာ မပေးခဲ့ရာကနေ စက်တင်ဘာလအထိဆိုရင် လစာ မရသူ စုစုပေါင်း ၇၅ ဦးအထိ ရှိလာခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

အဲဒီအလုပ်သမား ၇၅ ဦးစလုံးကို စက်တင်ဘာလနောက်ပိုင်း စက်ရုံထဲကို ဝင်ခွင့်မပေးတော့ဘဲ အလုပ်ထုတ်ပယ် လိုက်တယ်လို့ သိရပါတယ်။

သူတို့ဟာ စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြပေမယ့် ထူးခြားမှုမရှိလို့ဆိုပြီး တိုင်းအလုပ်သမားရုံးရှေ့မှာ ပြောင်းရွှေ့ဆန္ဒပြဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

အခုချိန်ထိ ဆွေးနွေးပွဲကနေ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မသိရသေးပါဘူး။ အလုပ်ထုတ်ခံရသူတွေဟာ တစ်လကို လစာ တစ်သိန်းခွဲကနေ ၂ သိန်း အထိ ရရှိသူတွေဖြစ်ပြီး အများစုဟာ ဧရာဝတီတိုင်းအပါအဝင် တခြားတိုင်းနဲ့ ပြည်နယ်တွေကနေ ရန်ကုန်မြို့ကို ပြောင်းရွှေ့ လာရောက်လုပ်ကိုင်နေသူတွေလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။