NVC ကတ် စိစစ်ထုတ်ပေးရေး အဖွဲ့မှာ ဒေသခံရခိုင်တွေကို ထည့်သွင်းပေးဖို့ တောင်းဆိုမည်


2017.02.11
nvc-620.jpg ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က ကျောက်တစ်လုံးမွတ်စလင် ဒုက္ခသည်စခန်းမှာ အစိုးရက ထုတ်ပေးနေတဲ့ အစိမ်းရောင် NVC (National Verification Card) နိုင်ငံသားစိစစ်ရေး သက်သေခံကတ်ပြားကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့က နိုင်ငံတော်သမ္မတ ဖွဲ့စည်းပေးလိုက်တဲ့ ရခိုင်ပြည်နယ်အတွင်း NVC (National Verification Card) ခေါ် သက်သေခံကတ်ပြား စိစစ်ထုတ်ပေးရေးဦးဆောင်အဖွဲ့မှာ ဒေသခံရခိုင်တိုင်းရင်း သားတွေကို ထည့်သွင်းဖွဲ့စည်းပေးဖို့ တောင်းဆိုတဲ့ လက်မှတ်တွေကို တောင်ကုတ်မြို့နယ်နဲ့ သံတွဲမြို့နယ်တွေမှာ စုဆောင်းဖို့ ပြင်ဆင်နေပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး လက်မှတ်တွေ ကောက်ယူသွားမှာ ဖြစ်တယ်လို့ လက်မှတ်စုဆောင်းနေတဲ့ တောင်ကုတ်မြို့ခံ ကိုမောင်မောင်သက် က ပြောပါတယ်။

"၂၅ ရက်နေ့ကို ကျနော်တို့ လက်မှတ်ကို အစုံသိမ်းလိုက်မယ်ပေါ့။ ကျနော်တို့ အဲလိုလျာထားတယ်။ ဒါ သံတွဲ၊ တောင်ကုတ် ၂ မြို့နယ်အတွက် ကျနော်တို့က ဒီလိုလျာထားတယ်။ တခြားမြို့ကို ကျနော်တို့က ဒီကြားမှာ လက်မှတ်လိုက်ကောက်ရင်းနဲ့ တခြားမြို့ကို ချိတ်ဆက်သွားမယ်။ ဒီလကုန်ပိုင်းလောက် မှာ ဖြစ်နိုင်မယ်လို့ ကျနော်တို့ ချိန်ထားတယ်"

ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ခံယူမယ့်သူတွေကို NVC (National Verfication Card) သက်သေခံကတ်ပြား ထုတ်ပေးတဲ့ လုပ်ငန်းစဉ်တွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ဖို့အတွက် သက်သေခံကတ်ပြားစိစစ် ထုတ်ပေးရေးဦးဆောင်အဖွဲ့ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ဖွဲ့စည်းတာဝန်ပေးလိုက်တာဖြစ်ပါတယ်။

တောင်ကုတ်မြို့နယ်မှာ လူငယ်တွေက ဦးဆောင်ပြီး လက်မှတ်တွေ လိုက်လံကောက်ခံသွားမှာ ဖြစ်သလို သံတွဲမြို့နယ်မှာ သံဃာတော်တွေ၊ ဒေသခံရပ်မိရပ်ဖတွေနဲ့ ဖွဲ့စည်းထားတဲ့ သံတွဲမြို့နယ် နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးနေမှုစောင့်ကြည့်ရေးအဖွဲ့က ဦးဆောင်ပြီး လက်မှတ်တွေ လိုက်လံကောက်ခံသွားမှာ ဖြစ် တယ်လို့ ပြောပါတယ်။

နိုင်ငံတော်သမ္မတက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေဦးဆောင်ပြီး ပြည်ထဲရေး၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီးတွေနဲ့ အစိုးရအဖွဲ့ဝင် စုစုပေါင်း ၇ ဦးပါဝင်တဲ့ နိုင်ငံသားစိစစ်ခံရမယ့်သူတွေအတွက် သက်သေခံကတ်ပြား စိစစ်ထုတ်ပေးရေးဦးဆောင်အဖွဲ့ကို ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

လက်မှတ်ကောက်ခံနေတဲ့ ရခိုင်တိုင်းရင်းသားတွေဘက်က အဲဒီအဖွဲ့မှာ ဒေသခံရခိုင်တိုင်းရင်းသားတွေ ဒါမှမဟုတ် လူမှုရေးအသင်းအဖွဲ့တွေက တာဝန်ရှိသူတွေကို ထည့်သွင်းဖွဲ့စည်းစေလိုတာဖြစ်ပြီး အဲဒီလို ဖွဲ့စည်းတာမဟုတ် ရင် နိုင်ငံတော်သမ္မတ ဖွဲ့စည်းပေးထားတဲ့ အဖွဲ့ကို ပြန်လည်ရုပ်သိမ်းစေလိုတယ်လို့ ပြောပါတယ်။

၂၀၁၅ ခုနှစ် မေလ ၃၁ ရက်နေ့က သက်တမ်းကုန်ဆုံးသွားတဲ့ ဝှိုက်ကတ် ခေါ် ယာယီသက်သေခံ လက်မှတ်တွေ ကို ပြန်လည်အပ်နှံထားသူ ၄သိန်းနီးပါးရှိပြီး အဲဒီထဲက နိုင်ငံသားစိစစ်ခံယူမယ့် သူတွေကို NVC ကတ်တွေ ထုတ်ပေးသွားဖို့ အစိုးရက ပြင်ဆင်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။