ရန်ကုန်မှာ ပြောင်းရွှေ့ထောက်ခံစာမပါရင် ဧည့်စာရင်းထုတ်မပေး

RFA Burmese
2024.03.04
ရန်ကုန်မှာ ပြောင်းရွှေ့ထောက်ခံစာမပါရင် ဧည့်စာရင်းထုတ်မပေး ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဧည့်စာရင်းလိုက်လံစစ်ဆေးစဉ်။
MOI

ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ ပြောင်းရွှေ့နေထိုင်သူတွေကို အရင်နေခဲ့တဲ့မြို့နယ်တွေက ပြောင်းရွှေ့ကြောင်း ထောက်ခံစာမပါရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေက ဧည့်စာရင်းတိုင်ကြားခွင့်မပေးဘူးလို့ ရန်ကုန်မြို့ခံတွေနဲ့ ပြောင်းရွှေ့နေထိုင်သူတွေက မတ်လ ၄ ရက်နေ့မှာ ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းကနေ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ကို ပြောင်းရွှေ့နေထိုင်သူတစ်ဦးကတော့ ဧည့်စာရင်းတိုင်ခွင့်မရလို့ ဖမ်းဆီးခံရမှာကို စိုးရိမ်တယ်လို့ RFA ကို ပြောပါတယ်။

"ဧည့်စာရင်းလာစစ်ရင် ဖမ်းခံရမှာကြောက်လို့ မှတ်ပုံတင်နဲ့ ရပ်ကွက်ရုံးကို အိမ်ငှားထားတဲ့ စာချုပ်ယူပြီးသွားတိုင်တာ မရခဲ့ဘူး။ ပြောင်းလာခဲ့တဲ့နေရာက ထောက်ခံစာပါမှတဲ့။ ကျွန်မနေတဲ့မြို့က ထောက်ခံစာယူရအောင် ရပ်ကွက်ရုံးကလည်း မရှိတော့ဘူးလေ၊ ပြာကျနေပြီ။ ညနေဆို အပြင်မထွက်ရဲတော့ဘူး၊ နေ့တိုင်းကြောက်ကြောက်နဲ့ အိပ်နေရတယ်”

သူနဲ့အတူနေထိုင်တဲ့ မန္တလေးမြို့က ပြောင်းရွှေ့လာသူတစ်ဦးလည်း အရင်နေခဲ့တဲ့နေရာက ထောက်ခံစာမရလို့ ရန်ကုန်မှာ ဧည်စာရင်းတိုင်မရ ဖြစ်နေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်ကနေ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ကို ပြောင်းရွှေ့လာသူတစ်ဦးကတော့ ထောက်ခံစာမလိုဘဲ တခြားအချက်အလက်တွေ ပြည့်စုံရင် ဧည့်စာရင်းတိုင်ခွင့်ရတယ်လို့ ပြောပါတယ်။

မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ စမ်းချောင်း၊ သင်္ဃန်းကျွန်းနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်က ရပ်ကွက်တချို့မှာတော့ ပြောင်းရွှေ့ကြောင်းထောက်ခံစာမပါရင် ဧည့်စာရင်းတိုင်ခွင့်မရကြဘူးလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရသူ တိုင်းဥပဒေချုပ် ဦးဌေးအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။