ပြည်နယ်အစိုးရ အမှုဖွင့်ထားတဲ့ ကရင်နီလူငယ်တစ်ဦး အဖမ်းခံရ
2019.06.03

ကယားပြည်နယ်အစိုးရက အမှုဖွင့်ထားတဲ့ ကရင်နီလူငယ် ခြောက်ဦးထဲက ကိုခူးကြူးဖဲကေး (ခ) ဂူးဂူး ဟာ မနေ့ညနေပိုင်းက ဖရူဆိုနဲ့ ဒီမော့ဆိုမြို့ကြားမှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာ ခံခဲ့ရတယ်လို့ ကရင်နီလူငယ်များသမဂ္ဂ အထွေထွေအတွင်းရေးမှူး ခွန်ဘားနဒ်ဘုတ်က RFA ကို ဒီကနေ့ ပြောပါတယ်။
ကိုခူးကြူးဖဲကေးကို မနေ့ညပိုင်းက ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ဒီနေ့မနက်ပိုင်းအထိ လွိုင်ကော်မြို့မ ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ညနေပိုင်းမှာ လွိုင်ကော်အကျဉ်းထောင်ကို ပို့လိုက်တယ်လို့ သိရကြောင်းလည်း ခွန်ဘားနဒ်ဘုတ်က ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်တုန်းက ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို၊ စီမံဏ္ဍာဝန်ကြီး ဦးမော်မော် တို့ကို နိုင်ငံရေးရာဇဝတ်ကောင်တွေ၊ အမျိုးသားရေး သစ္စာဖောက်တွေလို့ ကြေညာခဲ့တဲ့ ဒီကရင်နီလူငယ် ခြောက်ဦးကို ကယားပြည်နယ်အစိုးရအဖွဲ့က တရားလိုလုပ်ပြီး မေလ ၁၆ရက်တုန်း က နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံရေး ဥပဒေပုဒ်မ ၁၀နဲ့ အမှုဖွင့်ထားတာဖြစ် ပါတယ်။
ဒီလို့အမှုဖွင့်ခံရတဲ့ ကရင်နီလူငယ် ခြောက်ဦးကို တရားရုံးကနေ ဆင့်ခေါ်စာနဲ့ အကြောင်းကြားတာမရှိဘဲ လွိုင်ကော်မြို့မရဲစခန်းကနေ ဖုန်းနဲ့ ဆက်သွယ်အကြောင်းကြားတာဘဲ ရှိသေးတယ်လို့ ကရင်နီလူငယ်တွေက ပြောပါတယ်။
ကရင်နီလူငယ်တွေအနေနဲ့ တရားရုံးကနေ ဆင်ခေါ်စာတွေနဲ့ အကြောင်းကြားလို့ရှိရင် ဥပဒေကြောင်းအရ ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။
ကရင်နီလူငယ်တွေဖြစ်တဲ့ ကိုခူကြူးဖဲကေး(ခ)ဂူးဂူး ၊ ကိုဂျွန်ပေါ(ခ)ပျားလေး ၊ ကိုမျိုးလှိုင်ဝင်း (ခ)ပါစကွားလယ်၊ ကိုခွန်သောမတ်စ်၊ ကိုဒီးဒီ(ခ)စစ်မုန်း၊ ကို ခူးရီဒူး(ခ)ခူးရီးရယ် တို့ကို ရဲတပ်ဖွဲ့က တရားခံပြေးအဖြစ် မေလ ၃၁ ရက်နေ့တုန်းက ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။