မြင်းခြံမှာ ကားတစ်စီး ပစ်ခတ်ခံရပြီး ကလေးတစ်ဦး အပါအဝင် သုံးဦး သေဆုံး
2023.03.09

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ညောင်ပင်သာရွာအနီးမှာ မတ်လ ၇ ရက်ညပိုင်းက ကားတစ်စီး ပစ်ခတ်ခံရပြီး ကလေးတစ်ဦး အပါအဝင် သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၇ ရက် ည ၈ နာရီကျော်အချိန်က နွားထိုးကြီး-မြင်းခြံ ကားလမ်းမပေါ် မောင်းနှင်နေတဲ့ အိမ်စီးကားတစ်စီး ပစ်ခတ်ခံရပြီး ကားပေါ်လိုက်ပါလာတဲ့ အသက် ခြောက်နှစ်အရွယ် မောင်ရွှေဘုန်းသစ်၊ ဦးသန်းထိုက်မျိုးနဲ့ ဒေါငြိမ်းသန္တာသင်းတို့ သေဆုံးခဲ့တာပါ။
အခင်းဖြစ်တဲ့နေရာဟာ စစ်တပ်၊ ပျူစောထီး၊ ကာကွယ်ရေးတပ်ဖွဲ့ စတဲ့လက်နက်ကိုင် ပေါင်းစုံ လှုပ်ရှားနေတဲ့ နယ်မြေဖြစ်ပြီး ဘယ်သူ့လက်ချက်ဆိုတာ အတိအကျ မသိရဘူးလို့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။
“ဖြစ်သွားတာက ဟုတ်တယ်။ ည ၈ နာရီခွဲလောက်ကတည်းက ဖြစ်သွားတာ။ ၁၀ နာရီလောက်မှ အကုန်သိကြတာပေါ့။ ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာတော့ ကျနော်တို့ မသိဘူး။ အဲဒီဖြစ်တဲ့နေရာက စစ်တပ်ရော၊ ပျူစောထီးရော၊ PDF ရော လှုပ်ရှားတဲ့နယ်မြေ”
စစ်ကောင်စီဘက်ကတော့ ဒီပစ်ခတ်မှုကို PDF တွေက လုပ်ဆောင်တာလို့ မတ်လ ၈ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။
မြင်းခြံမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်တွေဘက်က တစ်စုံတစ်ရာ မထုတ်ပြန်သေးပါဘူး။
ဖေဖော်ဝါရီလ ၂၈ ရက်နဲ့ မတ်လ ၁ ရက်နေ့က မန္တလေးတိုင်း မြင်းခြံမြို့နယ် လေးရွာဆုံနဲ့ ကန်စွယ်ရွာက အရပ်သား ငါးဦးကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်း နှစ်နှစ်အတွင်း လူ ၃,၀၀၀ နီးပါး အသတ်ခံရပြီး တစ်သောင်းရှစ်ထောင်နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ မတ်လ ၃ ရက်နေ့ထုတ် ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာက ဖော်ပြပါတယ်။ မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၃၃၀ အနက် ၂၅၅ မြို့နယ်မှာလည်း လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဘက်ကတော့ အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်ကြောင့် နှစ်နှစ်အတွင်း အုပ်ချုပ်ရေးမှူးနဲ့ ဆရာ၊ ဆရာမတွေ အပါအဝင် လူငါးထောင်ကျော် သေဆုံးခဲ့ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သတင်းထုတ်ပြန်ထားပါတယ်။