ရန်ကုန် သာကေတမှာ ဆိုင်ထဲဝင်ပစ်ခတ်ခံရလို့ နှစ်ဦး သေဆုံး

2022.05.20
ရန်ကုန် သာကေတမှာ ဆိုင်ထဲဝင်ပစ်ခတ်ခံရလို့ နှစ်ဦး သေဆုံး သာကေတမြို့နယ် သေနတ်ထိမှန်သေဆုံးသူ မဟန်နီဦးကို တွေ့ရစဉ်
Photo: CJ

ရန်ကုန်တိုင်း သာကေတမြို့နယ် အရှေ့ရပ်ကွက်၊ အောင်သပြေလမ်းနဲ့ စံပယ်လမ်း ထောင့်မှာ နေထိုင်တဲ့ အသက် ၂၂ နှစ်အရွယ် မဟန်နီဦးနဲ့ ဦးလေးဖြစ်သူ ကိုရဲတို့ကို အမည်မသိ လက်နက်ကိုင် လူတစ်စုက မေလ ၁၉ ရက် မနေ့ နေ့လယ် ၂ နာရီကျော်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလက်နက်ကိုင်တွေဟာ မဟန်နီဦးတို့ အထည်ဆိုင်အတွင်းကို ဝင်ရောက် ပစ်ခတ် ခဲ့တာဖြစ်ပြီး မိသားစုဝင်တချို့လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့နီးစပ်သူ တစ်ဦးက ပြောပါတယ်။

"ဆိုင်ထဲကို ဝင်လာပြီးတော့ ဟန်နီဦးဆိုတာ ဘယ်သူလဲမေးပြီး ခေါင်းကို နှစ်ချက် ပစ်သွားတာ။ သူ့ ဦးလေးက ဝင်ဆွဲတော့ သူ့ ဦးလေးကိုပါ ထပ်ပစ်တယ်။ ဟန်နီဦးအမေပါ ထိတယ်။ ဟန်နီဦးကတော့ နေရာမှာပဲ ဆုံးသွားတယ်။ သူ့ ဦးလေးကတော့ ညနေပိုင်းဆေးရုံရောက်မှ ဆုံးသွားတာ။ မနေ့က မိုးက တအား ရွာနေတော့ ဘေးအိမ်တွေတောင် ပစ်တာကို မသိလိုက်ကြဘူး"

အဲဒီ လက်နက်ကိုင်အဖွဲ့မှာ လူငါးဦးပါဝင်ပြီး ဟွန်ဒါကားနဲ့ လာရောက် ပစ်ခတ်သွားတာလို့ သူက ဆိုပါတယ်။

မဟန်နီဦးမှာ ဦးခေါင်းဒဏ်ရာ နှစ်ချက်၊ ဦးလေးဖြစ်သူ ကိုရဲမှာ ဝမ်းဗိုက်ဒဏ်ရာလေးချက်နဲ့ သေဆုံးခဲ့တာ ဖြစ်သလို မိခင်ဖြစ်သူမှာလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

မဟန်နီဦးဟာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ရူပဗေဒဌာနမှာ ပညာသင်ကြားနေတဲ့ နောက်ဆုံးနှစ် ကျောင်းသူဖြစ်သလို စစ်ကောင်စီပညာရေးကို သပိတ်မှောက်ထားတဲ့ ကျောင်းသူတစ်ဦးလည်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။