မကွေးလေတပ်စခန်းထဲ သေနတ်ပစ်ခတ်သံများကြားရ

မကွေးမြို့ လေတပ်စခန်းထဲမှာ ဒီဇင်ဘာ ၆ ရက် ဒီနေ့မနက်ပိုင်းက သေနတ်ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ လေတပ်စခန်းအနီးနားက ဒေသခံတွေက ပြောပါတယ်။
လေတပ်စခန်းထဲက တပ်မိသားစုဝင်တွေ သေနတ်ပစ်လေ့ကျင့်နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတယ် လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"မနက်ပိုင်းကတော့ အသံကို တော်တော်ကြာအောင်တော့ ကြားရတယ်၊ အဲဘက်က အခု သတင်းထပ် ထွက်လာတာတော့ စစ်တပ်က သူတို့ရဲ့ ဇနီးနဲ့ သားသမီးတွေကို သေနတ်ပစ်ကျင့်ခိုင်းတယ် အဲသတင်းတွေ ကြားရတယ်"
ဒေသခံတွေရဲ့ အပြောအရ စစ်တပ်နဲ့ နီးစပ်သူတွေကတော့ ဒီသတင်းကိုမှန်တယ်လို့ ပြောကြပေမယ့် RFA က သီးခြားအတည်ပြုချက် မရသေးပါဘူး။
ဒီနေ့မနက်ပိုင်း သေနတ်ပစ်ခတ်သံတွေ အချက်ရေပေါင်း သုံးဆယ်ကျော်လောက်ကြားရပြီး လေတပ်မိသားစု ဝင်တွေ စစ်ရေးလေ့ကျင့်နေတယ်ဆိုတဲ့သတင်း ထပ်ထွက်လာတာလို့ မကွေးဒေသခံတစ်ဦးက ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် အဲဒီလေတပ်စခန်းထဲကနေ ထွက်ပြေးတဲ့သူတွေ CDM လုပ်ထားတဲ့သူတွေ လည်းရှိကြလို့ စခန်းထဲမှာ အင်အားအတော်နည်းနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်က မကွေးလေတပ်စခန်းကို မကွေး ပြည်သူ့တော်လှန်ရေးအင်အားစု PRA က ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့သလို သြဂုတ် ၈ ရက်နေ့ကလည်း မကွေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က လက်နက်သိုလှောင်ရုံကို ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။