ဂွမြို့နယ်က ဒုက္ခသည်တစ်သောင်းကျော် ဆေးနဲ့ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ
2024.12.06

ရခိုင်ပြည်နယ် ဂွမြို့နားအထိ တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည် ၁၃၀၀၀ ကျော်အတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့တာဝန်ခံ နိုင်အောင်လင်းက "ဂွမြို့နဲ့ ငါးမိုင်အကွာလောက်ရှိတဲ့ ရွာသစ်ကုန်းတို့ အလယ်ချောင်းတို့ ဒီကျေးရွာတွေအထိ တိုက်ပွဲတွေက ရောက်လာပါပြီ၊ ဂွမြို့နယ်စစ်ဘေးရှောင်အခြေအနေက တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာနဲ့အမျှ စစ်ဘေးရှောင်က နေ့စဉ်တိုးလာတယ်၊ စစ်ဘေးရှောင်တိုးလာတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်" လို့ ပြောပါတယ်။
စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ ဒုက္ခသည် သုံးထောင်ကျော်ရှိပြီး စခန်းပြင်ပနဲ့ အနီးဝန်းကျင်က ကျေးရွာတွေမှာ တဲထိုးပြီးနေကြသူ တစ်သောင်းကျော်ရှိတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီ ဂိတ်စခန်းတွေက စစ်ဘေးတိမ်းရှောင်နေသူတွေကို အသွားအလာကန့်သတ်ထားတာနဲ့ ဆေးဝါး၊ စားနပ်ရိက္ခာ သယ်ယူခွင့်တွေ တားမြစ်ထားတယ်လို့လည်း ပြောပါတယ်။
ဂွမြို့ပေါ်က ဒေသခံတွေကတော့ တိုက်ပွဲမဖြစ်ခင်ကတည်းက ရန်ကုန်၊ ဧရာဝတီစတဲ့ ပြည်မဘက်ကို ထွက်ပြေးကြသလို လက်ရှိမှာလည်း အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေတွေကို ထွက်ပြေးနေကြသူတွေလည်း ရှိနေပါတယ်။
ဂွမြို့နယ်ကို အာရက္ခတပ်တော် (AA) သိမ်းပိုက်ဖို့ကြိုးစားနေသလို စစ်ကောင်စီတပ်ကလည်း မြို့ကို လက်မလွှတ်ရရေးအတွက် စစ်အင်အားတွေ ထပ်မံဖြည့်တင်းထားပြီး ခံစစ်အခိုင်အမာပြင်နေတယ်လို့ ဂွမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ရဲ့ တစ်ကျော့ပြန်တိုက်ပွဲ တစ်နှစ်အတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ငါးသိန်းငါးသောင်းကျော်ရှိတယ်လို့ နိုဝင်ဘာ ၁၄ ရက်နေ့မှာ AA က ထုတ်ပြန်ထားပါတယ်။