အစိုးရအပေါ်ယုံကြည်မှု အနိမ့်ဆုံးရောက်သွားနိုင်တယ်လို့ KIA ဗိုလ်ချုပ်ဂွမ်မော် ပြောကြား
2014.11.22

ကေအိုင်အေဋ္ဌာနချုပ် လိုင်ဇာမြို့က ဗိုလ်လောင်း သင်တန်းကျောင်းကို တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ကေအိုင်အိုရဲ့ အစိုးရ အပေါ် ယုံကြည်မှုဟာ အောက်ဆုံးအဆင့်ထိ လျော့ကျ သွားနိုင်တယ်လို့ KIA ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဒီနေ့ ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က ပစ်ခတ်မှုဟာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာဖြစ်ကြောင်း၊ ဒီပစ်ခတ်မှုကြောင့် ယုံကြည်မှုလျော့ကျနိုင်ကြောင်း ဗိုလ်ချုပ်ဂွမ်မော်က RFA ကို ပြောပါတယ်။
"ယုံကြည်မှုမှာကတော့ အင်မတန်မှ နည်းနေပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ မတော်တဆဖြစ်တဲ့ကိစ္စ မဟုတ်ဘူး၊ ရည်ရွယ်ချက်ရှိရှိနဲ့လုပ်တယ်၊ ပြီးရင်ဖြစ်စဉ် တစ်ခုလုံးကို အစိုးရပိုင်မီဒီယာတွေနဲ့ သမ္မတကိုယ်တိုင် က မမှန်ကန်တဲ့ဟာတွေကို ပြည်သူတွေကို ချပြနေတယ်၊ ယုံကြည်မှုမှာ တကယ်ကိုအောက်ဆုံးအထိ ရောက် သွားနိုင်ပါတယ်"
ဒါ့အပြင် အဲဒီပစ်ခတ်တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးပေးဖို့ ကုလသမဂ္ဂနဲ့ တရုတ်နိုင်ငံကို အကူအညီတောင်းခံ သွားဖို့ ကေအိုင်အို ခေါင်းဆောင်တွေ ဆွေးနွေးနေတယ်လို့လည်း ပြောပါတယ်။
ကေအိုင်အိုက ဒီကိစ္စကို အစိုးရနဲ့ သီးသန့်ဆွေးနွေးနိုင်ဖို့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းထံ စာရေးသားပေးပို့ထားတယ်လို့လည်း ဆိုပါတယ်။
ကေအိုင်အိုက ကြေညာချက်ထုတ်ပြန်တဲ့အထဲမှာ လိုင်ဇာမြို့အနီးက အစိုးရတပ်တွေနဲ့ လက်နက်ကြီးတွေ ရုပ်သိမ်းပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။
KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကို RFA သတင်းထောက် ကိုသီဟထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဒီအတောအတွင်း အစိုးရစစ်တပ်ဘက်ကပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကချင် KIA က ဗိုလ်လောင်း သင်တန်းသား ၂၀ ကျော်သေဆုံးရတဲ့ ကိစ္စမှာဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာ သိနိုင်ဖို့အတွက် ငြိမ်းချမ်းရေး အကျိူးဆောင်တွေကတဆင့် ဆောင်ရွက်နေတယ်လို့ အမည်မဖော်လိုတဲ့ နေပြည်တော်သမ္မတရုံး အကြီးတန်းအရာရှိတစ်ဦးက RFA ကိုပြောပါတယ်။
အဲဒီ့သမ္မတရုံး အကြီးတန်းအရာရှိကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။