H1N1 ရောဂါကြောင့် သုံးယောက်သေဆုံးပြီး လေးယောက် စောင့်ကြည့်နေရ


2019.06.19
h1n1-622.jpg ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် H1N1 ကူးစက်ရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ သံသယရှိတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို ရေဝေးသုဿာန်မီးသြင်္ဂိုဟ်စက်သို့ ၂၀၁၉ ဇွန် ၁၉ ရက်နေ့က ပို့ဆောင်စဉ်
ဓါတ်ပုံ - နာရေးကူညီမှုအသင်း-ရန်ကုန်

ဇွန်လအတွင်း ရာသီတုပ်ကွေး H1N1 ရောဂါပိုး သံသယရှိသူ အယောက် ၂၀ ထဲမှာ ခုနှစ်ယောက်မှာ ရောဂါပိုး အမှန်တကယ်ရှိနေပြီး အဲဒီထဲက သုံးယောက် သေဆုံးကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒီနေ့ အတည်ပြုပြောပါတယ်။

စမ်းချောင်းမြို့နယ်၊ ကော့မှူးမြို့နယ်နဲ့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွေက သုံးယောက် သေဆုံးခဲ့တာလို့ ဒီကနေ့ ညနေပိုင်းက တာမွေမြို့နယ်မှာရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ထွန်းမြင့် က ပြောပါတယ်။

ဇွန်လ ၁၄ ရက်နေ့မှာ ကော့မှူးမြို့နယ်၊ ပျားမွတ်ကျေးရွာက တစ်ယောက်၊ ဇွန်လ ၁၇ ရက်နေ့မှာ စမ်းချောင်းမြို့နယ် ရန်ကင်းလမ်းက တစ်ယောက် နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော်က တစ်ယောက် တို့ဖြစ်တယ်လို့ တိုင်းကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။

လက်ရှိရောဂါဖြစ်ပွားနေတဲ့အထဲမှာ အသက်အငယ်ဆုံးက ၂၉ နှစ်နဲ့ အသက်အကြီးဆုံးက ၇၇ အရွယ်အထိ ပါဝင်နေတယ်လို့ ဆိုပါတယ်။

သံသယနဲ့စောင့်ကြည့်နေရသူ လေးဦးကတော့ ကွမ်းခြံကုန်း၊ လှိုင်သာယာ၊ မှော်ဘီနဲ့ မြောက်ဥက္ကလာမြို့နယ်တွေကဖြစ်ပြီး သူတို့ လေးဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံနဲ့ အင်းစိန်ဆေးရုံ တို့မှာ စောင့်ကြည့်နေပါတယ်။

ရောဂါဖြစ်ပွားတဲ့ လူနာတွေနဲ့ နီးနီးကပ်ကပ်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ကာကွယ်ဆေးထိုးဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ကူးစက်တတ်တဲ့ ရာသီတုပ်ကွေးဖြစ်တဲ့အတွက် လူထူထပ်တဲ့နေရာတွေကို မသွားဖို့၊ အိပ်ရေး၀၀အိပ်ဖို့၊ လက်ကို မကြာမကြာဆေးဖို့နဲ့ ရေများများသောက်ဖို့ ဒေါက်တာ ထွန်းမြင့်က သတိပေးပါတယ်။

ရာသီတုပ်ကွေး H1N1 ရောဂါဟာ ၂၀၁၇ ခုနှစ်မှာလည်း ဖြစ်ပွားခဲ့ပြီး ရောဂါသံသယရှိသူ ၅၁၄ ဦးထဲကနေ ဓာတ်ခွဲအတည်ပြုပြီးလူနာ ၉၂ ယောက်ရှိခဲ့ရာက ၁၂ ယောက် သေဆုံးခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး နဲ့ မဇာဏီထွဏ်းတို့ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။