ရာသီတုပ်ကွေးကြောင့် ကလေးငယ် ၃ ဦး သေဆုံး


2018.09.02
h1n1-622.jpg နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်၊ လန်းပန်းကျေးရွာမှာ ရာသီတုပ်ကွေးကြောင့် ဖျားနာနေတဲ့ မိသားစုကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်
Photo: Sing Maung Yawngva - facebook

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်၊ လန်းပန်းကျေးရွာမှာ ရာသီတုပ်ကွေးကြောင့် ကလေးငယ် ၃ ယောက် သေဆုံးပြီး လူဦးရေ ၃၅၀ ကျော် ဖျားနာနေတယ်လို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစိမ်းမောင်က ပြောပါတယ်။

အဲဒီကျေးရွာဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး သတင်းအချက်အလက်ရရှိမှု နောက်ကျတဲ့အကြောင်း ဆေး အဖွဲ့ရောက်ရှိချိန်မှာ ကလေးတွေက ကွယ်လွန်နေပြီဖြစ်ကြောင်း  ကိုယ်စားလှယ် ဦးစိမ်းမောင်က ပြောပါတယ်။

"အခု ကျနော်တို့ သွားရောက်ကြည့်ရှုတဲ့ ကျေးရွာမှာတော့ ကျနော်တု့ိ ရောက်နေတဲ့အချိန်မှာ ကလေး ၃ ဦး သေဆုံးတာရှိပါတယ်။ သူတို့လည်းပဲ ဒီရောဂါလက္ခဏာကြောင့်ပဲ သေဆုံးသွားတာပါ။ ကုသ မှုနောက်ကျတယ် ဆိုတာ သူတို့ဆီက သတင်းရတာလည်း နောက်ကျတာပေါ့နော်။ နောက်ကျတဲ့ အခါကျတော့ ကျနော်တို့လည်း သတင်းရရချင်းသွားတယ်။ သို့သော်လည်း ကျနော်တို့ မရောက် ခင် ရှေ့ရက်မှာပဲ ကလေးတွေက ဆုံးတာဆိုတော့ ကျနော်တို့ လက်လှမ်းမမီခဲ့တာပေါ့နော်"

လန်းပန်းကျေးရွာမှာ သြဂုတ် ၂၄ ရက်နေ့ကစပြီး ဖျားနာကြတာဖြစ်ပြီး ၂၈ ရက်နေ့မှာမှ ခန္တီးမှာရှိတဲ့ ကျန်းမာရေး အဖွဲ့တွေက သတင်းရရှိတာဖြစ်တယ်လို့ သိရပါတယ်။  အဲဒီအဖွဲ့ဟာ ၂၉ရက်နေ့မှာမှ ရောဂါဖြစ်ပွားတဲ့နေရာ ကို ရောက်ရှိတယ်လို့ သိရပါတယ်။

အဲဒီကျေးရွာမှာ လူဦးရေ ၄၂၅ ဦးရှိတဲ့အနက် ၃၅၀ ကျော်က တုပ်ကွေးရောဂါဖြစ်ပွားနေတာကြောင့် ရွာလုံးကျွတ် နီးပါး ဖျားနာနေတာဖြစ်ပါတယ်။

သြဂုတ်လအတွင်း အဲဒီမြို့နယ်က ဒုံဟီးနယ်မှာရှိတဲ့ ဝန်ရုတ်၊ ဟဟောင်၊ ရှိတ်ညို စတဲ့ ကျေးရွာတွေမှာလည်း ရာသီတုပ်ကွေးကြောင့် ဖျားနာသူ ၁၄၀ လောက်ရှိနေပေမယ့် ကျန်းမာရေးဌာနက အချိန်မီရောက်နိုင်ခဲ့တာကြောင့် အသက်ဆုံးရှုံးသူမရှိဘူးလို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။