ကချင်နဲ့ ကယားမှာ H1N1 ရောဂါဖြစ်ပွားမှု မရှိ
2017.08.16
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကချင်နဲ့ ကယားကလွဲပြီး ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရာသီတုပ်ကွေး H1N1 ရောဂါပိုးတွေ့ရှိသူတွေနဲ့ သေဆုံးသူတွေရှိနေတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။
ကချင်နဲ့ ကယားမှာ ရောဂါဖြစ်ပွားမှု လုံးဝမရှိဘဲ ချင်း၊ ရခိုင်၊ ရှမ်းတောင်၊ ရှမ်းအရှေ့နဲ့ နေပြည်တော်မှာ H1N1 ပိုးကူးစက်ခံရသူတွေရှိပေမယ့် သေဆုံးသူတွေ မရှိသေးဘူးလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာသန်းထွန်းအောင် က ပြောပါတယ်။
"ကချင်တို့၊ ကယားတို့ မဖြစ်သေးဘူး၊ Zero မှာပဲရှိသေးတယ်၊ သေဆုံးတာကတော့ ချင်းမှာလည်း မရှိဘူး၊ ရခိုင်မှာလည်း မရှိဘူး၊ နောက်တခါ ရှမ်းတောင်မှာလည်း မသေဘူး၊ ရှမ်းအရှေ့မှာလည်း မသေဘူး၊ နေပြည်တော်မှာလည်း မသေဘူးပေါ့၊ ဖြစ်ပွားသူကတော့ ကချင်နဲ့ ကယား ကလွဲလို့ ကျန်တဲ့နေရာတွေမှာ ပိုးတွေ့ပါတယ်"
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး ဒီနေ့ မွန်းလွဲပိုင်းအထိစာရင်းအရ H1N1 ရောဂါပိုးတွေ့ရှိသူ ၂၆၂ ဦးနဲ့ သေဆုံးသူ ၂၆ ဦး ရှိနေပြီး ဧရာဝတီတိုင်းက သေဆုံးသူအများဆုံးဖြစ်နေပါတယ်။
ရာသီတုပ်ကွေးပိုးဟာ အပူကိုကြောက်တဲ့ပိုးဖြစ်တာကြောင့် ရာသီဥတုပူလာရင် ပိုးတွေလွင့်သွားမှာဖြစ်ပြီး အခုရာသီဥတုက မိုးအုံ့လိုက် စိုစွတ်လိုက်နဲ့မို့ ရောဂါပိုးရှိနေသေးတာလို့လည်း ပြောပါတယ်။
ရာသီတုပ်ကွေးရောဂါ H1N1 ဟာ ပြီးခဲ့တဲ့ ၅ နှစ်တာကာလထက် ဖြစ်ပွားနှုန်း ၂ ဆကျော်ရှိတဲ့အတွက် ထူးကဲအဆင့် outbreak လို့ သတ်မှတ်ထားတယ်လို့လည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောထားပါတယ်။