စစ်ကိုင်းတိုင်းမှာ H1N1 အဝါရောင်အဆင့် သတ်မှတ်
2017.08.13

စစ်ကိုင်းတိုင်းဒေသကြီးမှာ ရာသီတုပ်ကွေး H1N1 ရောဂါကြောင့် ၁ ဦးသေဆုံးခဲ့ပြီး ရောဂါပိုး တွေ့ရှိထားသူတွေ လည်း ရှိနေတာကြောင့် တိုင်းအစိုးရအဖွဲ့က အဝါရောင်အဆင့်သတ်မှတ်ပြီး အသိပညာပေးလုပ်ငန်းတွေကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ရောဂါဖြစ်ပွားမှုရှိနေတဲ့ ခရိုင် ၃ ခုကို အဓိကထားပြီး အသိပညာပေးတွေ လုပ်နေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံ က ပြောပါတယ်။
"သောကြာနေ့က ဝန်ကြီးချုပ်ကိုယ်တိုင် အရေးပေါ်အစည်းအဝေး ခေါ်ပြီးတော့မှလေ ကျနော်တို့ ခရိုင် ၃ ခု ပေါ့နော်၊ ရွှေဘိုခရိုင်ရယ်၊ စစ်ကိုင်းခရိုင်ရယ်၊ နောက် မုံရွာခရိုင်ရယ် အဲ့ခရိုင် ၃ ခုမှာ ဖြန့်ကျက် ပြီးတော့မှ ကျနော်တို့ ဝန်ကြီးအဖွဲ့တွေပေါ့နော်၊ ၃ ခုအဖွဲ့ခွဲပြီးတော့မှ H1N1 နဲ့ပတ်သက်တဲ့ အသိပညာပေး ဟောပြောပွဲတွေ လုပ်ပါတယ်၊ မနေ့က တနေကုန် အဲ့ကိစ္စလှုပ်ရှားနေတာ၊ အဲ့ရောဂါ သည်တွေက တွေ့နေတာ၊ အဲ့ဒါကြောင့် ကာကွယ်တဲ့အနေနဲ့ပေါ့နော်၊ အသိပေးဟောပြောပွဲတွေ တစ်နေကုန်လုပ်နေကြပါတယ်"
H1N1 ကြောင့် စလင်းကြီးမြို့နယ်က အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး၊ ရွှေဘိုနဲ့ တန့်ဆည်မြို့နယ်တို့မှာလည်း ရောဂါပိုးတွေ့ရှိထားသူ တစ်ဦးစီ ရှိနေတာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ H1N1 နဲ့ပတ်သက်ပြီး အသိပညာပေးဟောပြောပွဲတွေအပြင် လူစည်ကားရာနေရာတွေ သွားလာရင် အသုံးပြုဖို့ Mask တွေကို လည်း ဝေငှခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လလယ်ပိုင်း လောက်ကစပြီး ရာသီတုပ်ကွေး H1N1 ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူတွေ ရှိခဲ့သလို လက်ရှိအချိန်အထိလည်း ရောဂါပိုးကူးစက် ခံရသူတွေရှိနေဆဲ ဖြစ်ပါတယ်။
ဒီနေ့ နေ့လည်ပိုင်းအထိ စာရင်းအရ တစ်နိင်ငံလုံးအတိုင်းအတာနဲ့ H1N1 ရောဂါပိုးကူးစက်ခံရသူ အယောက် ၂၃၀ အထိ ရှိလာပြီး သေဆုံးသူ ၂၃ ဦး ရှိနေတယ်လို့လည်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲက ပြောပါတယ်။
လက်ရှိအချိန်မှာ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ရာသီတုပ်ကွေး H1N1 ကို ကပ်ရောဂါအဖြစ် မသတ်မှတ်သေးပေ မယ့် ရာသီတုပ်ကွေး H1N1 ဖြစ်ပွားမှုနှုန်းထားဟာ ပြီးခဲ့တဲ့ ငါးနှစ်တာကာလထက် နှစ်ဆကျော် ပိုများတာကြောင့် ထူးကဲအဆင့် သတ်မှတ်ထားတယ်လို့ သိရပါတယ်။