H1N1 နဲ့ H5N1 ကြောင့် ကြက်မွေးမြူရေးလုပ်ငန်းမှာ ဆုံးရှုံးမှုတွေရှိနေ
2017.08.22

ရာသီတုပ်ကွေး H1N1 နဲ့ ကြက်ငှက်တုပ်ကွေး H5N1 ကြောင့် ကြက်မွေးမြူရေးလုပ်ငန်းတွေမှာ တစ်လအတွင်း အနည်းဆုံး ငွေကျပ်သိန်းပေါင်း ၂ သိန်းကျော် ဆုံးရှုံးခဲ့တယ်လို့ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် က ပြောပါတယ်။
ဆုံးရှုံးမှု ငွေကျပ်သိန်းပေါင်း ၂ သိန်းကျော်ဆိုတာ ဈေးနှုန်းကျတဲ့အပေါ်မှာ တွက်ထားတာသာဖြစ်ပြီး သူနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေရဲ့ ဆုံးရှုံးမှုပါဆိုရင် ဒီ့ထက်မကများနိုင်တယ်လို့ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဒေါက်တာနေသူရိန် က ပြောပါတယ်။
"တစ်လကို အနည်းဆုံး သိန်းပေါင်း ၂ သိန်းကျော်တော့ ဆုံးရှုံးမယ်၊ သူနဲ့ပတ်သက်ပြီး သွယ်ဝိုက်ပြီး ထိတာတွေရောဆို အများကြီးဖြစ်သွားမှာ၊ ဒီဟာက ကျနော်တို့ ဈေးနှုန်းကျတဲ့ဟာကိုပဲ ကျနော်တို့ တွက်ထားတာလေ၊ ဖျက်ဆီးပစ်လိုက်ရတဲ့ဟာတွေကလည်း အများကြီးရှိသေးတာကိုး။"
ဒါ့အပြင် ကြက်စာဖြစ်တဲ့ ပြောင်း၊ ဆန်ကွဲ၊ ဖွဲ စတဲ့ ဈေးကွက်တွေလည်း ရပ်ဆိုင်းသွားတယ်လို့ ပြောပါတယ်။
ရာသီတုပ်ကွေးနဲ့ ကြက်ငှက်တုပ်ကွေး H5N1 ကို ရောထွေးပြီး ကြက်သားကနေ ကူးစက်သလို အယူလွဲနေ တာကြောင့် ကြက်သားစားသုံးသူတွေသိသိသာသာနည်းသွားပြီး အရောင်းအဝယ်ကို ထိခိုက်လာနေ တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကျန်းမာရေးပညာရှင်တွေက ကြက်သားနဲ့ လက်ရှိဖြစ်နေတဲ့တုပ်ကွေး မဆိုင်တဲ့အကြောင်း ကြက်သားကို ယုံယုံကြည်ကြည် စားကြဖို့ တိုက်တွန်းထားပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ကြက်သားစားပွဲတော်တွေကို ဦးဆောင်ကျင်းပနေသလို ကြက်ဥ၊ ကြက်သားအရောင်းပွဲတော်တွေကို ကျင်းပပေးနေတယ်လို့ သိရပါတယ်။
ကြက်ငှက်တုပ်ကွေး H5N1 ရောဂါပိုးကို ရန်ကုန်တိုင်း လှိုင်သာယာ၊ တနသာၤရီတိုင်း ထားဝယ်မြို့ စတဲ့နေတွေက ကြက်ခြံတွေမှာ တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။
H1N1 ရောဂါရိုက်ခတ်မှုကြောင့် ကြက်မွေးမြူရေး ကဏ္ဍမှာ သုံးလအတွင်း အမေရိကန်ဒေါ်လာ ၁၆၅ သန်းဝန်းကျင် ဆုံးရှုံးခဲ့ကြောင်း မြဝတီသတင်းဌာနက သတင်းထုတ်ပြန်ထားပါတယ်။