ဧရာဝတီ အင်တာနက်မဂ္ဂဇင်း နောက်တကြိမ် တိုက်ခိုက်ခံရ
2011.03.13
အရင်ကလည်း အင်တာနက် ဝက်ဆိုက်တွေထဲကို ကွန်ပြူတာဗိုင်းရပ်စ် ခေါ် စနစ်တခု ပို့လွှတ်ပြီး ဝက်ဆိုက် ဖွင့်မရအောင် ဖျက်ဆီးတာမျိုး၊ Hacker ခေါ် ကွန်ပြူတာအင်တာနက် ဝက်ဆိုက်တွေထဲကို ဖောက်ထွင်း ဝင်ရောက် မွှေနှောက်သွားတာတွေ ရှိခဲ့ပေမယ့် အခုတကြိမ်မှာတော့ ပရိသတ်တွေ အထင်အမြင် လွဲစေမယ့် သတင်းဆောင်းပါး အမှားတွေ တင်ထားခဲ့ကြောင်း သိရပါတယ်။
ဧရာဝတီ အင်တာနက်သတင်း မဂ္ဂဇင်းအယ်ဒီတာ ဦးအောင်ဇော်က အာအက်အေကို ပြောပြရာမှာ
“ပထမသတင်းကတော့ NLD DVB နဲ့ ဧရာဝတီကို ရန်တိုက်ပေးတဲ့ ပုံစံမျိုး သတင်းအမှားတွေ ရေးထားတယ်။ ပြီးတော့ ဧရာဝတီ Funding အဖြတ်ခံရတဲ့ ကိစ္စတွေ၊ ဧရာဝတီနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြဿနာ ရှိတဲ့ ပုံစံမျိုး ရေးထားတယ်။ နံပတ်နှစ် ကတော့ အဆိုတော် ရုပ်ရှင်မင်းသမီး မေဆွိ ဆုံးသွားတယ်ဆိုတဲ့ သတင်း။ ကျနော်တို့ရဲ့ System ထဲကို Hacker က ဝင်ပြီးတော့ ဆောင်းပါးနှစ်ပုဒ်ကို သူတို့ တင်ခွင့်ရသွားတယ်”
ဧရာဝတီ အင်တာနက် သတင်းမဂ္ဂဇင်းဟာ မြန်မာစစ်အစိုးရနဲ့ မြောက်ကိုရီးယားတို့ရဲ့ စစ်ရေးဆိုင်ရာ ဆက်သွယ် ဆောင်ရွက်နေပုံ ဓာတ်ပုံ အထောက်အထားတွေကို ဖော်ပြခဲ့ပါတယ်။ အဲဒီနောက်မှာ အခုလို ကွန်ပြူတာ အင်တာနက်ဆိုင်ရာ တိုက်ခိုက်မှုတွေနဲ့ ကြုံကြိုက်ခဲ့ရတာ ဖြစ်ပါတယ်။