ဟဂျ် (ခရီးသွား) ကော်မရှင်ဖွဲ့စည်းပေးဖို့ အစ္စလာမ်ဘာသာဝင်တချို့တောင်းဆို


2018.11.08
haj-protest-622.jpg ဟဂျ်(ခရီးသွား)ကော်မရှင်ဖွဲ့စည်းပေးဖို့ အစ္စလာမ်ဘာသာဝင်တွေ ၂၀၁၈ နိုဝင်ဘာလ ၈ ရက်နေ့က မြို့တော်ခန်းမရှေ့မှာဆန္ဒပြစဉ်
Photo: Kyaw Zaw Win/RFA

မြန်မာနိုင်ငံကနေ နှစ်စဉ် ဆော်ဒီနိုင်ငံ မက္ကာမြို့ကိုသွားရောက်နေတဲ့ အစ္စလာမ်ဘာသာဝင် ဘုရားဖူးအချို့ နှစ်တိုင်း အလိမ်ခံနေရတဲ့အတွက် အစိုးကနေ ဟဂျ်(ခရီးသွား)ကော်မရှင် သို့မဟုတ် ကော်မတီတစ်ရပ် ဖွဲ့စည်းပေးဖို့ ဒီကနေ့ မြို့တော်ခန်းမရှေ့မှာ အစ္စလာမ်ဘာသာဝင် ၁၀ ယောက်လောက် ဆန္ဒပြခဲ့ကြပါတယ်။

မက္ကာမြို့ကို သွားရောက်နေတဲ့ အစ္စလာမ်ဘာသာဝင် ဘုရားဖူးအချို့ နှစ်တိုင်း အခက်အခဲတွေနဲ့ ကြုံတွေ့ရတာကြောင့် ဒီကိစ္စကို ကြားဝင် ဖြေရှင်းပေးဖို့ ဆန္ဒပြတောင်းဆိုတာဖြစ်ကြောင်း ဒီကနေ့ဆန္ဒပြရာမှာပါဝင်တဲ့ ကိုသန့်ဇင်ဦးက ပြောပါတယ်။

"ကျနော်တို့က ကုန်ကျစရိတ်ပေးတယ်၊ ဟိုရောက်ရင် ဝန်ဆောင်မှုတွေ ကောင်းကောင်းပေးပါမယ်၊ ဟိုတယ်ကောင်းကောင်းမှာထားပါမယ် ဆိုပြီးခေါ်သွားတယ်၊ မက္ကာမြို့ကို ရောက်တဲ့အခါကျတော့ လူတွေကို ၈ ယောက်၊ ၉ ယောက် အိမ်သာဆိုလည်း ၁ လုံးထဲ အတူတူတက်ရတယ်၊ သက်ကြီးရွယ်အိုတွေအတွက်လည်း အခက်အခဲဖြစ်တယ်၊ ပြီးတော့ နေရေးထိုင်ရေး စားရေးသောက်ရေးမှာလည်း တော်တော်လေးကို အခက်အခဲတွေ ဖြစ်ကြတယ်လို့သွားတဲ့ သူတိုင်းက နီးစပ်ရာ ဆွေမျိုး အသိုင်းအဝိုင်းတွေမှာ ပြောကြပါတယ်၊ တချို့တွေဆိုရင် လယ်ရောင်း၊ နွားရောင်းနဲ့ ဘုရားဖူးသွားချင်လို့ လုပ်ကြတယ်၊ အဲလိုလူတွေကိုပါ သူတို့က တာဝန်ယူမှု၊ တာဝန်ခံမှုမရှိပဲနဲ့ ပစ်ထားပါတယ်"

မြန်မာနိုင်ငံမှာလက်ရှိ ဟဂျ်အေဂျင်စီ ၄၀ ကျော်လောက်ရှိပြီး တစ်ဦးကို အမေရိကန်ဒေါ်လာ ၃၅၀၀ ကနေ ၆၀၀၀ ကျော်အထိ ဝန်ဆောင်ခတောင်းပြီး မက္ကာကို ပို့ဆောင်ပေးနေကြပေမယ့် တချို့အေဂျင်စီတွေဟာ ဘုရားဖူးသွားတဲ့သူတွေကို လိမ်လည်နေကြတယ်လို့ ဆန္ဒပြသူတွေကဆိုပါတယ်။

ဝန်ဆောင်ခအပြည့်တောင်းပြီး လုံးဝမသွားရပဲ အလိမ်ခံလိုက်ရတဲ့သူတွေလည်းရှိသလို ဝန်ဆောင်မှုတွေထဲ အဆင့်မြင့်ဟိုတယ်တွေမှာ နှစ်ယောက်ခန်းကို နှစ်ယောက်ပဲထားမယ်လို့ပြောပြီး တစ်ခန်း ကို ၁၀ ယောက်လောက် ထည့်တာမျိုးတွေလည်း ကြုံတွေ့ရတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဒီကိစ္စကို ဖြေရှင်းဖို့အတွက် အဖွဲ့အစည်းတစ်ခုရှိဖို့လိုကြောင်း ဆန္ဒပြရာမှာပါဝင်တဲ့ ကိုကြည်စိုးကပြောပါတယ်။

"နိုင်ငံတော်အစိုးရအနေနဲ့ ဟဂျ်(ခရီးသွား)ကော်မရှင် သို့မဟုတ် အဖွဲ့အစည်းတစ်ခုကို နိုင်ငံတော်အစိုးရက ဖွဲ့ပေးမယ်ဆိုရင် ဒီအဖွဲ့ရဲ့ အောက်ကပဲ သွားရတော့မယ်၊ အဲအခါကျရင် လုပ်ငန်းတွေကို အဖွဲ့အောက်ကဘဲ လည်ပတ်ရတော့မှာဆိုတော့ ကျနော်တို့ ထိန်းချုပ်နိုင်မယ်၊ ဒါကို အရည်အချင်းရှိတဲ့ တတ်သိနားလည်တဲ့သူတွေနဲ့ နိုင်ငံတော်အစိုးရက ဖွဲ့စည်းပေးမယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေနိုင်မယ်"

ဒါ့အပြင် အစားအသောက်ပါတယ်ဆိုပြီး လုံးဝမကျွေးပဲထားတာနဲ့ ကုန်ကျစရိတ်ထဲမှာ သားကောင်လှီးတာပါအပြီးဆိုပြီး ကိုယ့်ဘာသာကိုယ်ဝယ်လှီးရတာမျိုးတွေပါ ဖြစ်နေတယ်လို့ သိရပါတယ်။

အခုလိုနှစ်စဉ်နှစ်တိုင်း ဖြစ်နေတဲ့ နစ်နာဆုံးရှုံးမှုတွေနဲ့ပတ်သက်ပြီး ကိုယ်တိုင်ခံစားရသူအများစုဟာ နယ်ဘက်တွေက တောသူတောင်သားတွေဖြစ်လို့ သက်ဆိုင်ရာအာဏာပိုင်တွေထံကို တိုင်ကြားဖို့လည်း ကြောက်ရွံ့နေကြပြီး အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ၅ ဖွဲ့ကလည်း တာဝန်ယူဖြေရှင်းပေးတာမရှိဘူးလို့ ဆိုကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။