ဟားခါးမှာ လူငယ် ၅၀ ကိုဖမ်း၊ ငွေတောင်းပြီး ပြန်လွှတ်ပေး
ချင်းပြည်နယ် ဟားခါးမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့ကနေ အောက်တိုဘာလ ၁ ရက်နေ့အထိ သုံးရက်အတွင်း ဒေသခံလူငယ် ၅၀ ကို CDF အဖွဲ့ဝင်တွေဆိုတဲ့ သံသယနဲ့ဖမ်းဆီးပြီးနောက် ရဲက ငွေကျပ် ၇ သိန်း ကနေ ၁၂ သိန်းအထိ အသီးသီးတောင်းယူပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မိသားစုဝင်တစ်ဦးဖြစ်သူ ဦးအောင်လင်းက RFA ကို ဒီနေ့ပြောပါတယ်။
“အထဲကလူ လှမ်းပြောပြတာက သူတို့ကို သေချာ မစစ်ဆေးခင်မှာ ပိုက်ဆံအရင် သွင်းလိုက်ပါ။ ကျနော်တို့ ပြောပေးမယ်။ ကျန်တဲ့လူတွေကတော့ တန်းသွင်းတာပေါ့။ ပိုက်ဆံတန်းသွင်းတဲ့လူတွေကတော့ နှစ်ညပဲ အိပ်ရတယ်။ လွတ်သွားတယ်။ ကျနော်တို့ကျတော့ ကိုယ့်လူမှန်တယ်ဆိုရင် စစ်ဆေးပြီးမှပဲ ကြည့်မယ် ဆိုတဲ့ အခါကျတော့ ချက်ချင်းကို ဘာမှလည်း အဖြေမရှိဘူး။ တစ်ချိန်လုံး ဟောက်နေတာပဲ။ မင်းအိမ်ကို ဖုန်းဆက်ဆိုပြီးတော့ ဖုန်းလှမ်းဆက်တယ်။ ဆက်ပြီးတော့ နှစ်နာရီလောက်ပဲ ကြာတယ်။ လွှတ်ပေးတာ ပေါ့။ ကြားကာလမှာ အချိန်ပြည့် သွင်းခိုင်းတာ။ ဘယ်သူမှ မပြောပါနဲ့ ဆိုပြီးတော့ကို”
ဟားခါးမြို့ပေါ်မှာ ယခင်က နေ့စဉ် ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့ပေမယ့် ဒေသခံတွေက မေတ္တာရပ်ခံထားလို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တစ်ခုဖြစ်တဲ့ CDF က လာရောက် တိုက်ခိုက်တာတွေ မရှိတော့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။ ဒါပေမဲ့ စက်တင်ဘာလ ၂၉ ရက်နေ့ကစပြီး စစ်တပ်နဲ့ရဲက မြို့ရဲ့ လမ်းဆုံလမ်းခွတွေမှာ လမ်းသွား လမ်းလာတွေရဲ့ ဖုန်းတွေကို စစ်ဆေးပြီး လူငယ်တွေကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ ဒါကြောင့် စက်တင်ဘာလ ၂၉ ရက်နေ့မှာ လူငယ် ၁၇ ဦး၊ ၃၀ ရက်နေ့မှာ လူငယ် သုံးဦးနဲ့ အောက်တိုဘာလ ၁ ရက်နေ့မှာ လူငယ် ၃၀ ဦး၊ စုစုပေါင်း လူငယ် ၅၀ အဖမ်းခံခဲ့ရတာလို့ မြို့ခံတွေက ပြောပါတယ်။ အဖမ်းခံရသူတွေကို နှိပ်စက်တာ မရှိကြောင်းနဲ့ ပြန်လွှတ်ပေးဖို့ ငွေကြေး တောင်းယူတာကိုလည်း ဘယ်သူ့ကိုမှ မပြောဖို့ ရဲက သတိပေးထားတယ်လို့ ဦးအောင်လင်းက ပြောပါတယ်။
“တိတ်တိတ်လေး ပေးကြတာဆိုတော့ ကျနော်တို့ ဘေးက တစ်ယောက်ကတော့ ၁၀ သိန်းပေးတယ်။ သူတို့ကျ တော့ ၅၀၅ နဲ့ မစွဲချင်လို့။ စွဲရင် ပါကိုပါတယ်ဆိုပြီး ပြောတော့ ဟိုက ကြောက်တော့ တချို့ ပိုက်ဆံရှိတဲ့ သူတွေက ၁၀ သိန်း၊ တချို့ ၁၂ သိန်းလောက် သွင်းတယ်။ ကျနော်တို့ကျတော့ ရှစ်သိန်း တောင်းတာ ခုနစ်သိန်းပဲ သွင်းခဲ့တယ်။ ပိုက်ဆံပေးပြီး တန်းလွတ်လာတာ။ ကျနော် ၅ နာရီလောက်မှာ ပိုက်ဆံပေးလိုက်တာ ၇ နာရီလောက်ဆို လွတ်ပြီ”
အခုလို လူငယ်တွေကို ဖမ်းဆီး၊ ငွေကြေးတောင်းပြီး ပြန်လွှတ်ပေးခဲ့တဲ့ကိစ္စကို စစ်ကောင်စီ ဘက်ကတော့ ငြင်းပါတယ်။
"ပိုက်ဆံတန်းသွင်းတဲ့လူတွေကတော့ နှစ်ညပဲ အိပ်ရတယ်။ လွတ်သွားတယ်"
စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက လုံခြုံရေးအရ စစ်ဆေးတာ ရှိနိုင်ပေမယ့် မသက်ဆိုင်တဲ့လူငယ်တွေကို အခုလို ဖမ်းဆီးတာမရှိဘူးလို့ ပြောပါတယ်။
“ဟားခါးတို့ ဒီဘက် ထန်တလန် တို့ကတော့ မရှိပါဘူး။ လုံခြုံရေးအရ စစ်ဆေးတာ ရှိကောင်းရှိနိုင်တယ်။ မသက်ဆိုင်တဲ့ လူတွေကို ဖမ်းဆီးတာလည်း မရှိပါဘူး။ ရှိစရာလည်း အကြောင်းမရှိပါဘူး။ ရှိတယ် ဆိုရင်လည်း အဲဒီမှာ ကျနော်တို့ ဖွဲ့စည်းပေးထားတဲ့ အဖွဲ့တွေ ရှိတယ်။ ရပ်မိရပ်ဖတွေ ရှိတယ်။ သူတို့ ဆီကနေ တဆင့် တိုင်ကြားနိုင်တယ်လို့ပဲ ပြောချင်တယ်”
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးနဲ့ အဖမ်းခံရသူတွေဟာ ရဲစခန်းတွေ၊ စစ်ကြောရေး တွေ ဆီရောက်ပြီးမှ ပြန်လွတ်လာသူတွေရှိပြီး အဲဒီအထဲက တချို့ဟာ စစ်ကောင်စီရဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေကို ပိုက်ဆံပေးပြီးမှ ပြန်လွတ်လာကြသူတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အမှုမမြောက်လို့ စွဲချက်တင်မခံရနိုင်တာကိုသိတဲ့ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေဟာ သက်ဆိုင်ရာ မိသားစုဆီက ပိုက်ဆံတောင်းပြီးမှ ပြန်လွှတ်ပေးခဲ့ကြတာလို့လည်း ပြောကြပါတယ်။