ဟားခါးမြို့နယ် ချွန်ကျုံးရွာတိုက်ပွဲ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ
2023.05.01

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာရှိတဲ့ ချွန်ကျုံးရွာမှာ ဧပြီ ၃၀ ရက်မနေ့က စစ်ကောင်စီ တပ်နဲ့ ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိသလို စစ်ကောင်စီတပ်က လေကြောင်းနဲ့ပါ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ညနေ ၃ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တစ်စင်းနဲ့ ချွန်ကျုံး ရွာကို ခြောက်ကြိမ် ဗုံးလာကြဲခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
"တိုက်ပွဲဖြစ်တယ်။ အသံကြားရတယ် မနေ့က ချွန်ကျုံးမှာ။ ကျွန်တော်တို့ရွာခံတွေက ထွက်ပြေးတာ တစ်လရှိတော့မှာ တောတောင်တွေထဲ ထွက်ပြေးတာ။ မနေ့က လေကြောင်းနဲ့လည်း စစ်ကောင်စီဘက်က တိုက်တာ အသံကြားရတယ်"
မနေ့ကတိုက်ပွဲမှာ ချင်းအမျိုးသားတပ်မတော် (CNA) တပ်ဖွဲ့၀င်တစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရတယ်လို့ ချင်းဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်ကလည်း အနည်းဆုံးသုံးဦး သေဆုံးပြီး လက်နက်တချို့ကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေ သေဆုံးတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်း ထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ လူမှုရေး၀န်ကြီးဦးသန့်ဇင် ကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။
ဧပြီလ ၂၃ ရက်နေ့ကလည်း ဟားခါးမြို့နယ်၊ ချွန်ကျုံးရွာအနီးက ဆုတောင်းတောင်ပေါ်ကို ဂျက်တိုက်လေယာဉ်တစ်စင်းနဲ့ ဗုံးနှစ်ကြိမ်ကြဲချခဲ့တာကြောင့် ခရစ်ယာန်ဘာသာဝင်တွေရဲ့ ဆုတောင်းအိမ်တွေ ပျက်စီး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၉ ရက်နေ့ကတည်းက စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ဟားခါးမြို့ကိုတက်လာတဲ့ တင့်ကား နှစ်စီးအပါအဝင် ကားအစီးရေ ၃၀ ကျော်ပါ စစ်ကောင်စီယာဉ်တန်းကို ချင်းဒေသ ကာကွယ်ရေးအဖွဲ့တွေက လမ်းတစ်လျှောက် တိုက်ခိုက်ခဲ့တာကြောင့် ချွန်ကျုံးရွာအရောက် မှာ ယာဉ်တန်းတစ်ခုလုံး ပျက်စီးသွားခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ချွန်ကျုံးရွာက နေအိမ် ၄၀ ကျော်ကို စစ်ကောင်စီတပ်သားတွေ ၀င်ရောက် မီးရှို့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာတောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင် နေရတာ တစ်လနီးပါးရှိနေပြီလို့ အဲဒီရွာခံတွေက ပြောပါတယ်။