ဟားခါးမြို့ နှီယာလောန်ထာရ်ရွာက နေအိမ် ၄၀ နီးပါး မီးရှို့ခံရ
2023.04.16

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းက နှီယာလောန်ထာရ်ရွာကို အင်အား ၅၀ နီးပါးရှိတဲ့ စစ်ကြောင်းက ဧပြီလ ၁၅ ရက်မနက်ပိုင်းမှာ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၄၀ နီးပါး မီးလောင်ပျက်စီးသွား တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နှီယာလောန်ထာရ်ရွာဟာ ဟားခါးမြို့နယ်နဲ့ သုံးဖာလုံအကွာမှာရှိပြီး အိမ်ခြေ ၄၀ ကျော်နဲ့ လူဦးရေ ၁၂၀ နီးပါး နေထိုင်တယ်လို့ ဆိုပါတယ်။
တစ်ရွာလုံးမှာ နေအိမ်လေးလုံးသာ မီးမလောင်ဘဲ ကျန်ရှိနေခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဟားခါးမြို့မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ရွာလုံးကျွတ်မီးရှို့ခံရတဲ့ ပုံစံပါပဲ၊ တစ်ရွာလုံး အိမ်ခြေ ၄၀ ကျော်ရှိတာ လေးအိမ်ပဲ မလောင်ဘဲ ကျန်နေခဲ့တယ်။ စစ်ကြောင်းဝင်ကတည်းက ရွာက လူအကုန် ရှောင်နေ ကြတာပါ။ လူတွေတော့ ထိခိုက်ဒဏ်ရာ ရတာတော့ မရှိပါဘူး"
အဲဒီစစ်ကြောင်းဟာ ချွန်ကျုံးရွာမှာ ပိတ်မိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို စစ်ကူပေးဖို့ ဟားခါးမြို့ကနေ ထွက်ခွာလာတာလို့ သူက ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်က လည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
မတ်လ ၉ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ဟားခါးမြို့ကိုတက်လာတဲ့ သံချပ်ကာ ကားနှစ်စီးအပါအဝင် ယာဉ်အစီးရေ ၃၀ နီးပါးပါတဲ့ စစ်ကောင်စီယာဉ်တန်းကို ချင်းဒေသကာကွယ်ရေးအဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်ပြီးနောက်ပိုင်း လေကြောင်း ပစ်ခတ်မှုတွေနဲ့ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေ စစ်ကောင်စီဘက်က တုံ့ပြန်လုပ်ဆောင် လာတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။