ဟားခါးမြို့နယ် ဘွန်လုန်ကျေးရွာမှာ လက်နက်ကြီးကြောင့် ကလေးနှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

ချင်းပြည်နယ်၊ ဟားခါးမြို့ နယ် ဘွန်လုန်ကျေးရွာမှာ အောက်တိုဘာ ၁၉ ရက် မနေ့ညနေ ၃ နာရီလောက်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် စာသင်ကျောင်းကပြန်လာတဲ့ အသက်ခြောက်နှစ်နဲ့ ခုနစ်နှစ်အရွယ် ယောက်ျားလေးနှစ်ဦးသေဆုံးခဲ့ပြီး အသက်ခုနစ်နှစ် အရွယ် မိန်းကလေးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါ တယ်။
အဲဒီကလေးသုံးဦးဟာ ဟားခါးမြို့၊ ဘွန်လုန်ကျေးရွာ စာသင်ကျောင်းမှာ KG 2 အတန်း တက်ရောက်နေတာဖြစ်ပြီး ကျောင်းလွှတ်ချိန် အိမ်ပြန်အလာမှာ လက်နက်ကြီးပေါက်ကွဲမှု ကြုံတွေ့ခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါ တယ်။
"သူတို့ ကျောင်းကနေ အိမ်ပြန်အလာမှာ သူတို့နားကို လက်နက်ကြီးက ကျလာတာ။ ကလေးတစ်ယောက်က ပွဲချင်းပြီးဆုံးတယ်။ နောက်တစ်ယောက်ကျတော့ ဆေးခန်းရောက် မှ ဆုံးတယ်။ ကလေးမလေးကတော့ ဒဏ်ရာ တော်တော်ပြင်းထန်တယ်။ နောက်ကျော ဘက်မှာ ဒဏ်ရာရထားတယ်"
အဲဒီလက်နက်ကြီးဟာ ဘယ်ကနေ ကျရောက်လာသလဲဆိုတာကို မသိကြဘူးလို့ ဒေသခံ တွေက ပြောပါတယ်။
သေဆုံးသွားတဲ့ကလေးနှစ်ဦးမှာ အသက်ခြောက်နှစ်အရွယ်ကလေးက မောင်ဂျိမ်းဆန်ဇအုပ် (James Siang Za Uk) ဖြစ်ပြီး အသက် ခုနစ်နှစ်အရွယ်ကလေးကတော့ မောင်ဟန်နရီဘွိုင်းဇလျန် (Henry Bawi Za Lia) ဖြစ်ပါတယ်။ ဒဏ်ရာရသွားတဲ့ ကလေး ကတော့ အသက် ခုနစ်နှစ်အရွယ် မနန်စီခါလန်ပါး (Nancy Ca Len Par) ဖြစ်ပါတယ်။
လက်ရှိမှာ မနန်စီခါလန်ပါးဟာ ဆူခွာရ်မြို့ဆေးခန်းကိုမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
ဘွန်လုန်ကျေးရွာဟာ ဟားခါးနဲ့ မတူပီမြို့ကြားမှာရှိပြီး ဟားခါးမြို့နဲ့ မိုင် ၂၀ ခန့် ဝေးပါ တယ်။
RFA က လက်လှမ်းမီသလောက်ပြုစုထားတဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ လက်နက်ကြီးကြောင့် ကလေးငယ်တွေအပါအ၀င် သေဆုံးသူ ကိုးဦးအထိ ရှိလာနေပါတယ်။