ဟားခါးက ယမ်းပေါက်ကွဲမှု၊ ၆ ဦး သေဆုံး
2015.11.23

ချင်းပြည်နယ် ဟားခါးမြို့ ဈေးသစ်ရပ်ကွက်က နေအိမ်တစ်ခုမှာ ယမ်းပေါက်ကွဲမှုကြောင့် လူ ၆ ဦး သေဆုံးပြီး ၇ ဦးဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။
အဲဒီနေအိမ်ကို ရောက်ရှိနေတဲ့ ဧည့်သည်အမျိုးသမီးမှာ ပါလာတဲ့ ယမ်းတွေပေါက်ကွဲတာဖြစ်ပြီး အဲဒီအိမ်မှာ ရှိတဲ့သူအားလုံး သေဆုံးသွားတယ်လို့ ဟားခါးမြို့နယ် ရဲတပ်ဖွဲ့က ရဲမှူးကြီး ခင်ဟာရန်းက ပြောပါတယ်။
"အဲဒီ့ပေါက်ကွဲမှုဖြစ်တဲ့အိမ်ကတော့ လုံးဝကိုကြေမွသွားတယ်၊ ပေါက်ကွဲတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ အိမ်ပေါ်မှာနေတဲ့လူတွေကလည်း ၇ ယောက်ကဆေးရုံမှာ အိမ်အောက်မှာနေတဲ့ ၆ ယောက်စလုံးကလည်း အကုန်လုံးသေပြီဆိုတဲ့အခါကျတော့ မေးမြန်းလို့ မဖြစ်သေးဘူးပေါ့နော်"
အဲဒီဧည့်သည်အမျိုးသမီးဟာ အရင်ကလည်း တရားမဝင် ပေါက်ကွဲစေတဲ့ပစ္စည်းတွေနဲ့ တွေ့ရှိခဲ့တာကြောင့် ထောင် ဒဏ် သုံးနှစ်ချမှတ်ခံထားရပြီး အယူခံနဲ့ ပြန်လည်လွတ်မြောက်လာသူဖြစ်တယ်လို့ သိရပါတယ်။
အဲဒီပေါက်ကွဲမှုဖြစ်ပွားတဲ့ နေအိမ်ပိုင်ရှင်ဇနီးမောင်နှံ ၂ဦးဟာ ခရီးသွားနေတာကြောင့် လွတ်မြောက်သွားပြီး အိမ်စောင့်ကျန်ခဲ့တဲ့ မိသားစုဝင် ၅ ဦးနဲ့ ဧည့်သည်အမျိုးသမီးတစ်ဦး စုစုပေါင်း ၆ဦး သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီပေါက်ကွဲမှုကြောင့် အနီးအနားက နေအိမ် ၉လုံး၊ ကား ၂ စီး ပျက်စီးခဲ့ပြီး ပေတစ်ရာဝန်းကျင်မှာ ရှိတဲ့ နေအိမ်တွေရဲ့ ပြတင်းပေါက်မှန်တံခါးတွေ ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။
အဲဒီပေါက်ကွဲတဲ့နေရာကို သွားရောက်ကြည့်ရှုခဲ့တဲ့ ဟားခါးမြို့ခံ ဦးတလွန်ကျဲအိုကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။