ဟားခါးမြို့ ပြည်နယ်လဝကရုံး မီးလောင်ပြာကျ

ချင်းပြည်နယ်၊ ဟားခါးမြို့က ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနရုံး အောက်တိုဘာလ ၁၄ ရက် မနေ့ည ၁၀ နာရီလောက် မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘာကြောင့် မီးလောင်လဲဆိုတာတော့ တိတိကျကျ မသိရသေးပေမယ့် မီးမလောင်ခင် သေနတ်သံတွေပါ ကြားခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဟားခါးဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“သေနတ်သံတွေကြားတော့ ဘယ်သူ့မှ မထွက်ရဲကြဘူး၊ မီးလည်း ထွက်ပြီးမငြှိမ်းရဲကြဘူး၊ မီးသတ်ကား လာတော့ အကုန်လုံး မီးလောင်ပြာကျသွားပြီ” လို့ ဟားခါးမြို့ဒေသခံကဆိုပါတယ်။
အောက်တိုဘာလ ၁၅ ရက် ဒီနေ့မနက်ပိုင်းမှာတော့ အဲ့ဒီရုံးက ရုံးစောင့်ဝန်ထမ်း အမျိုးသားတစ်ဦးကို စစ်ကောင်စီလက်အောက်ခံ ရဲတွေလာဖမ်းသွားတယ်လို့ အနီးအနား ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့ကတည်းက ဟားခါးမြို့ပေါ်ကို လက်နက်ကြီး တွေနဲ့ ညတိုင်းပစ်ခတ်တာတွေ လုပ်နေတာကြောင့် နေအိမ်နှစ်လုံးလည်း လက်နက်ကြီးထိမှန်ပြီး မီး လောင်ကျွမ်း ခဲ့ပါတယ်။