ဟားခါးမြို့မှာ လက်နက်ကြီးကြောင့် တစ်ဦးဒဏ်ရာရရှိပြီး နေအိမ်အချို့ ပျက်စီး

ချင်းပြည်နယ်၊ ဟားခါးမြို့ ဟားခါးထာရ်ရပ်ကွက်မှာ စက်တင်ဘာလ ၁၆ ရက် မနေ့ညပိုင်းက စစ်ကောင်စီ တပ်သားတွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်တချို့ ထိခိုက် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
“ကျနော်တို့ အိပ်နေချိန် ည ၁၁ နာရီပိုင်းလောက် သေနတ်ဖောက်သံကြားတယ်၊ နောက် သိပ်မကြာဘူး လက်နက်ကြီးတွေ ကျလာတယ်၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရတယ်၊ အိမ်တချို့လည်း လက်နက်ကြီးထိလို့ ပျက်စီးတာတွေရှိတယ်” လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့ကလည်း ချင်းပြည်ကာကွယ်ရေးအဖွဲ့ ဟားခါး (CDF) နဲ့ စစ်ကောင်စီ တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ခြောက်လုံး ထိခိုက်ပျက်စီးခဲ့သလို စက်တင်ဘာလ ၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဘက်က ပစ်ခတ်ခဲ့တဲ့လက်နက်ကြီးကြောင့် လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
စက်တင်ဘာလ ၄ ရက်နေ့ ညပိုင်းကလည်း စစ်ကောင်စီလက်အောက်ခံ ဟားခါးမြို့ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံးနားမှာ CDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦး သေဆုံး ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။